မြိတ်ခရိုင်အတွင်း စစ်ရေးတင်းမာလျှက်ရှိသည့်အတွက် လမ်းပိုင်းတချို့တွင် လိုက်နာရမည့် စည်းကမ်းများကို PDF ထုတ်ပြန်

မြိတ်ခရိုင်အတွင်း စစ်ရေးတင်းမာလျှက်ရှိသည့်အတွက် လမ်းပိုင်းတချို့တွင် လိုက်နာရမည့် စည်းကမ်းများကို PDF ထုတ်ပြန်

တနင်္သာရီတိုင်း မြိတ်ခရိုင်အတွင်း စစ်ရေးတင်းမာလျှက်ရှိသည့်အတွက် လမ်းပိုင်းတချို့တွင် လိုက်နာရမည့် စည်းကမ်းများကို မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်း စစ်ကြောင်း (၁) က ထုတ်ပြန်သည်။

မြိတ်ခရိုင်အတွင်း သွားလာနေကြသည့် လမ်းအသုံးပြုသူများအနေဖြင့် ပုလောမြို့နယ်တွင် ပြည်ထောင်စုလမ်းမကြီးအပိုင်း၊ မြိတ်မြို့နယ်တွင် မြိတ်မြို့အထွက် ကျောက်ဖြူတောင်လမ်းဆုံမှ သာရမဲ၊  အင်္ဂမော်၊ ကြေးနန်းတိုင် လမ်းတစ်လျှောက် နှင့် တနင်္သာရီမြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးများပေါ်၌ နံနက် (၆)နာရီ မှ ည (၆)နာရီအတွင်းသာ သွားလာကြရန်၊ ခရီးသွားကားများအနေဖြင့် မှန်ချပြီးမှသာ မောင်းနှင်ကြရန်နှင့် ကုန်ကားများသည် အလုံပိတ် ဖုံးအုပ်ထားခြင်း မပြုလုပ်ကြရန် ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၁၁)ရက်နေ့က အသိပေး ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်က မြိတ်ခရိုင်အတွင်းရှိ တနင်္သာရီမြို့နယ်၊ မြိတ်မြို့နယ်နှင့် ပုလောမြို့နယ်တို့တွင် အရပ်သား ပြည်သူများကို အဓမ္မဖမ်းဆီးခြင်း၊ ပေါ်တာဆွဲခြင်း အပါအဝင် အရပ်သားပြည်သူများကို အကာအကွယ်ယူ၍ စစ်ရေးလှုပ်ရှားခြင်းများ အပါအဝင် အရပ်သား အသွင်ယူ၍ စစ်ရေးဆိုင်ရာ လုပ်ဆောင်ချက်များကို လုပ်ဆောင်လျက်ရှိသည့်အတွက် အဆိုပါ သတ်မှတ်ချက်များကို ချမှတ်ကာ တားမြစ်ရခြင်းဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။

တိုင်းစစ်ဌာန (တနင်္သာရီ) ဗျူဟာ(၃၅)နယ်မြေ ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတပ်ဖွဲ့များနှင့် ပူးပေါင်းစစ်ကြောင်းများမှ အထက်ပါမြို့နယ်များအတွင်း စစ်ရေးတိုးမြှင့် လုပ်ဆောင်သွားမည်ဖြစ်ပြီး စစ်ကောင်စီ၏ စစ်ရေးပစ်မှတ်များကိုသာမက အုပ်ချုပ်ရေးပစ်မှတ်များကိုပါ တိုက်ခိုက်ရှင်းလင်းသွားမည်ဖြစ်ကြောင်း မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်း စစ်ကြောင်း (၁)က ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo: မြိတ်ခရိုင်အတွင်းရှိ လမ်းပိုင်းတနေရာတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ စစ်ဆေးနေစဥ် (ပုံဟောင်း)