ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်းထိုး ဝင်ရောက်ခဲ့သည့် နေရာများအား တော်လှန်ရေးအင်အားစုများ နယ်မြေရှင်းလင်းရေး ပြုလုပ်

ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်းထိုး ဝင်ရောက်ခဲ့သည့် နေရာများအား တော်လှန်ရေးအင်အားစုများ နယ်မြေရှင်းလင်းရေး ပြုလုပ်

KNU ထိန်းချုပ်နယ်မြေ ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့သည့် နေရာများအား တော်လှန်ရေးအင်အားစုများက နယ်မြေရှင်းလင်းရေး လုပ်ဆောင်ကြောင်း ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (၁) မှ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၆) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

KNU ထိန်းချုပ်နယ်မြေ ကျိုက်ထိုမြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာသည့် အင်အား (၂၀၀)ကျော်ခန့် ပါရှိသည့် စစ်သင်တန်းသားသစ်များအား တပ်မ (၇၇)နှင့် တပ်မ (၄၄) မှ ဦးဆောင်လာသည့် စစ်ကောင်စီစစ်ကြောင်းသည် နိုဝင်ဘာလ (၄)ရက်နေ့  မနက်အစောပိုင်းတွင် မုပ္ပလင်၊ သိမ်ဇရပ်လမ်းပိုင်းသို့ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီးနောက် နိုဝင်ဘာလ (၅)ရက်နေ့ မနက်အစောပိုင်းမှစ၍ တော်လှန်ရေးအင်အားစုများက နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာများ ၊ စစ်ကောင်စီ လက်နက်ကြီးကျ၍ ပျက်စီးသွားသည့် နေရာများအား နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာတွင် စစ်ကောင်စီဘက်မှ ပစ်ခတ်ခဲ့သော ၂၀၂၃၊ ၂၀၂၄ထုတ် ကပစ ၅.၅၆ ကျည်ဖာခွံတစ်ခုနှင့် ကျည်ခွံများ၊ RPGအခွံတစ်ခု၊ မပေါက်ကွဲသေးသော ၄၀မမ အသီးတစ်လုံး၊ စစ်ပြောက်ကျား ဖိနပ်တစ်ရံ၊ ၁၂၀ မမ အစ တစ်ခုနှင့် ဆေးကုသထားသော ဆေးထိုးအပ်၊ ဂွမ်းတို့အား တွေ့ရှိခဲ့ရပြီး စစ်ကောင်စီလက်နက်ကြီးကုန်းမှ ပစ်ခတ်သည့် ၁၂၀ မမ လက်နက်ကြီးကြောင့် ဘုန်းကြီးကျောင်းဇရပ်တစ်ခု အနည်းငယ်ပျက်စီး၍ ပြည်သူနေအိမ်တစ်လုံးလည်း မီးလောင်ပျက်စီးခဲ့ရကြောင်း သိရသည်။

၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၂) ရက်နေ့တွင် ကျိုက်ထိုမြို့နယ်အတွင်းသို့ စစ်ကောင်စီမှ အင်အား (၂၀၀) ကျော်ခန့်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး KNLA ၊ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (၁) နှင့် ကျေးနယ် ကာကွယ်ရေးတပ်ဖွဲ့ တော်လှန်ရေးအင်အားစုများနှင့် ထိတွေ့တိုက်ပွဲ (၁)နာရီကျော်ခန့် (၂)ကြိမ်ဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း သိရှိရသည်။

#TachileikNewsAgency

Photo: ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ၁