စစ်ကောင်စီသည် မြန်မာပြည်သူများအပေါ် လုံး၀ဥသုံစစ်ပွဲကို ဆင်နွှဲနေခြင်းကြောင့် နိုင်ငံတကာအနေဖြင့် စစ်ကောင်စီကို လက်နက်ခဲယမ်းမရောင်းချရန် KNU အထွေထွေ အတွင်းရေးမှူးတောင်းဆို

စစ်ကောင်စီသည် မြန်မာပြည်သူများအပေါ် လုံး၀ဥသုံစစ်ပွဲကို ဆင်နွှဲနေခြင်းကြောင့် နိုင်ငံတကာအနေဖြင့် စစ်ကောင်စီကို လက်နက်ခဲယမ်းမရောင်းချရန် KNU အထွေထွေ အတွင်းရေးမှူးတောင်းဆို

စစ်ကောင်စီတပ်သည် မြန်မာပြည်သူများအပေါ်  လုံး၀ဥသုံစစ်ပွဲ(Total War)ကို ဆင်နွှဲနေခြင်းကြောင့် နိုင်ငံတကာအနေဖြင့် စစ်ကောင်စီကို လက်နက်ခဲယမ်းရောင်းချခြင်းမပြုလုပ်ရန် KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးက တောင်းဆိုသည်။

၂၀၂၄ခုနှစ် နိုဝင်ဘာလ (၅)ရက်နေ့က ပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် ကရင်အမျိုးသားအစည်းအရုံး(KNU) ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး(CNF)တို့ပြုလုပ်သော ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ၎င်းကပြောဆိုခြင်းဖြစ်သည်။

"စစ်တပ်က ဘယ်အရာကိုမှ ဂရုမစိုက်ဘဲ ပြည်သူလူထုအပေါ်မှာ လုံး၀ဥသုံစစ်ပွဲ(Total War)ကို အရှိန်အဟုန်နဲ့လုပ်ပြီးတော့ ပစ်မှတ်ထား တိုက်ခိုက်နေတာဖြစ်ပါတယ်။ မြန်မာ တစ်နိုင်ငံလုံးမှာ မြို့နယ်ဧရိယာရဲ့  (၇၁)ရာခိုင်နှုန်းမှာ လက်နက်ပဋိပက္ခရဲ့ အရှိန်အဟုန် ပြင်းထန်စွာ ခံစားနေရပါတယ်။ အာဆီယံရဲ့တောင်းဆိုချက်ဖြစ်တဲ့ De-escalation အကြမ်းဖက်မှုလျှော့ချရေးကို ဖောက်ဖျက်နေတာက စစ်ကောင်စီပဲဖြစ်ပါတယ်။”ဟု ပဒိုစောတာဒိုမူးက ပြောသည်။

ထို့ကြောင့် လေယာဉ်ဆီ အပါအဝင် အမြောက် လက်နက်များ၊ ကျည်များ၊ ခဲယမ်းများအား မြန်မာနိုင်ငံကို အာဆီယံနှင့် နိုင်ငံတကာက ဆက်လက်ပေးပို့နေခြင်းမှာ ပဋိပက္ခပိုမိုတိုးမြှင့်စေပြီး စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ်တွင်ကျူးလွန်သည့် ရာဇဝတ်မှုများကို ကျူးလွန်ခြင်းဖြစ်သဖြင့် ရပ်တန်းကရပ်ရန် ဝိုင်းပြီးနည်းလမ်းရှာရန်လည်း လိုအပ်နေသည်ဟု ဆိုသည်။

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတဝှမ်း လေကြောင်းတိုက်ခိုက်မှု (၅၀၃၄)ကြိမ်ရှိပြီး အကြမ်းဖက်မှုများမှာ စစ်ကောင်စီတပ်ထံမှ လာခြင်းဖြစ်ကာ မြန်မာအရေးသည် မြန်မာနိုင်ငံ၏ လုံခြုံရေး၊ တစ်ကမ္ဘာလုံး လုံခြုံရေးနှင့် ပတ်သက်နေသည်ဟုလည်း ၎င်းက ဆိုသည်။

“တရားမဝင် အွန်လိုင်းငွေလိမ်လည်တဲ့ လှုပ်ရှားမှုတွေ၊ လူကုန်ကူးမှုတွေ၊ မူးယစ်ဆေးဝါး ကုန်ကူးမှုတွေက တစ်ကမ္ဘာလုံး ပြန့်နေပါတယ်။ အမေရိကန်နိုင်ငံ နယူးယောက်မြို့က လမ်းမကြီးတွေမှာရှိသလို ဘန်ကောက်မြို့ရဲ့ လမ်းမကြီးတွေမှာလည်း ရောက်နေပါတယ်။ ဥရောပကိုလည်း ရောက်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ ပြဿနာက အကြီးကြီးပါ။ အဲဒါကြောင့် ဒါကို High Light လုပ်ပြီးတော့ တစ်ကမ္ဘာလုံးက အာရုံစိုက်အောင် လုပ်ရမယ့် တာဝန် ကျွန်တော်တို့မှာရှိပါတယ်။”ဟု ၎င်းကဆက်ပြောသည်။

မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှုအကူအညီများလိုအပ်နေပြီး အကူအညီ လိုအပ်နေသည့် လူများကို ပေးပို့သည့်နေရာတွင် တရာဝန်ယူမှု၊ တာဝန်ခံမှုရှိအောင် ပြုလုပ်ရမည့် ယန္တရားလိုအပ်နေသည်ဟု ဆိုသည်။

ယင်းသို့ ယန္တရားမရှိဘဲ ကူညီထောက်ပံ့နေခြင်းသည် စစ်ကောင်စီကို လူသားချင်းစာနာ ထောက်ထားမှုအကူအညီများမှ နိုင်ငံရေးအရ အသုံးချရန်ဖန်တီးနေခြင်းသာဖြစ်သည်ဟုလည်း ပြောသည်။

#TachileikNewsAgency

Photo: KNU အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူး (ပုံဟောင်း)