ဖာပွန်မြို့နယ်ရှိ ခေါပုတ်စခန်းကို တော်လှန်ရေးတပ်များသိမ်းရာ စစ်ကောင်စီတပ်သား ၆ ဦးနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ဖာပွန်မြို့နယ်ရှိ ခေါပုတ်စခန်းကို တော်လှန်ရေးတပ်များသိမ်းရာ စစ်ကောင်စီတပ်သား ၆ ဦးနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ကရင်ပြည်နယ် ဖာပွန်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်၏ ခေါပုတ်စခန်းကို KNLA ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီတပ်သား (၆)ဦးကို အရှင်ဖမ်းမိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း သိရသည်။

အင်အား(၁၀၀)ကျော်နှင့် တပ်စွဲထားသည့် အဆိုပါစစ်ကောင်စီတပ်စခန်းကို ၂၀၂၄ခုနှစ် အောက်တိုဘာလ(၂၆)ရက်နေ့မှစတင်ပြီး တော်လှန်ရေးတပ်များကတိုက်ခိုက်ရာ ၂၀၂၄ခုနှစ် အောက်တိုဘာလ(၃၀)ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု စစ်ရေးသတင်း အရင်းအမြစ်က ဆိုသည်။

“စခန်းအတွင်းထဲ အကြမ်းဖက်စစ်ကောင်စီတပ်သား (၁၀)ယောက် အလောင်း တွေ့တယ်။ (၆)ယောက် အရှင်ဖမ်းမိတယ်။ ဖမ်းမိခံရတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သား (၆)ယောက်ကို တာဝန်ရှိသူများ လက်ထဲ အပ်ထားပါတယ်။”ဟု စစ်ရေးသတင်းအရင်းအမြစ်က Tachileik News Agency ကိုပြောသည်။

ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်သား(၆)ဦး၏ ရာထူးနှင့် သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းများစာရင်းကိုမူ ကွပ်ကဲရေးခွင့်ပြုချက်ရမှသာ ပြောဆိုနိုင်မည်ဖြစ်ပြီး လက်ရှိတွင် ပြောဆိုနိုင်ခြင်းမရှိသေးဟု ဆက်ပြောသည်။

စခန်းသိမ်းတိုက်ပွဲတွင် KNLA၊ KNDO ဂယ်ကော်တပ်ရင်း၊ ကရူ၊ ဂယ်သာ၊ ဂယ်ဟီ၊ PDF နှင့် BPLA တပ်ရင်းတို့ ပါဝင်သည်ဟု သိရသည်။

#TachileikNewsAgency