ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ခုနှစ် အောက်တိုဘာလ (၂၉)ရက်နေ့တွင် လေကြောင်းမှ နှစ်ကြိမ် ဗုံး(၃)လုံး ကြဲတိုက်ခိုက်ရာ လူထိခိုက်မှုရှိကာ နေအိမ်လည်း ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီသည် ယနေ့ နေ့လယ်(၁၂)နာရီဝန်းကျင်တွင် ရပ်ကွက်(၁၁) အောင်စေတနာ လမ်းသွယ်(၃)ထိပ်ကို ဗုံးကြဲတိုက်ခိုက်ရာ ဆိုင်ကယ်စီးလာသည့် အရပ်သားတစ်ဦး ဒဏ်ရာရသည်ဟု သိရသည်။
“မနက်ကတော့ ရပ်ကွက်(၁၁) အောင်စေတနာလမ်းထဲကို ကြဲသွားတာ။ ပြီးခဲ့တဲ့လ (၃၀)ရက်နေ့က ကြဲသွားတဲ့နေရာအနီးကိုပဲ ထပ်ကြဲသွားတာပါ။ အရှေ့နဲ့ အနောက်လေးပဲ ကွာသွားတာပါ။ ဒီနေ့ခင်းပိုင်းမှာတော့ ရပ်ကွက် (၁) သာသနာ(၂၅၀၀)ဘုရားကုန်းကို ကြဲသွားတာပါ။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။
ထို့အပြင် နေ့လယ်(၂)နာရီခွဲကျော်တွင် ရပ်ကွက် (၁) သာသနာ (၂၅၀၀)ဘုရားကို ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားထိခိုက်မှုမရှိဟု သိရကာ ဘုရားပျက်စီးမှုအခြေအနေကိုလည်း မသိရသေးပါ။
စစ်ကောင်စီသည် လားရှိုးမြို့ကို နေ့စဉ်ဗုံးကြဲတိုက်ခိုက်နေရာ နေအိမ်များ၊ ကျောင်း၊ သာသနာရေးဆိုင်ရာအဆောက်အဦးများ ပျက်စီးနေရပြီး လူထိခိုက်မှုများရှိခြင်းကြောင့် အရပ်သားများ စိုးရိမ်ထိတ်လန့်နေကြရသည်ဟု သိရသည်။
အောက်တိုဘာလ (၂၇)ရက်နေ့ကလည်း စစ်ကောင်စီသည် သိန္နီမြို့နယ်အတွင်း ရပ်ကွက် (၃)သိန္နီဟိုတယ်အနီးနှင့် ကချင်နှစ်ခြင်းဘုရားကျောင်းကို ဗုံးကြဲတိုက်ခိုက်သဖြင့် ဘုရားကျောင်း ပျက်စီးခဲ့ရသည်။
#TachileikNewsAgency
Photo: Kokang News Group