အညာတွင် NUG/MOD လက်အောက်ခံတပ်များသာမက အညာဒေသခံတပ်ဖွဲ့အားလုံးနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း BPLA ဆို

အညာတွင် NUG/MOD လက်အောက်ခံတပ်များသာမက အညာဒေသခံတပ်ဖွဲ့အားလုံးနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း BPLA ဆို
အောက်တိုဘာ 29, 2024 | 2021 Military Coup| အခြားဒေသများ

အညာတွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG/MOD လက်အောက်ခံတပ်များသာမက အညာဒေသခံတပ်ဖွဲ့များအားလုံးနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း BPLA ကွပ်ကဲရေးမှူး မောင်ဆောင်းခက ၎င်း၏ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၂၈) ရက်နေ့၌ ထုတ်ပြန် ပြောဆိုသည်။

အညာဒေသကို အခြေချရာတွင် MOD/PDF တပ်ရင်းများနှင့်သာမက MOD လက်အောက်ခံ မဟုတ်သည့် တခြားသော အင်အားစုများနှင့်ပါ ကောင်းမွန်သည့် ဆက်ဆံရေးတည်ဆောက်ပြီး တော်လှန်ရေးအမြန်ဆုံးအောင်မြင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း သိရသည်။

“BPLA က ဗမာလူမျိုးစုကိုယ်စားပြုဖို့နဲ့ ဗမာလူထုရဲ့အသိအမှတ်ပြုမှုရရှိဖို့ တဆင့်ချင်း အကောင်းအထည်ဖော်သွားပါမယ်။ သေချာတာတခုကတော့ BPLA ဟာ NUG/MOD လက်အောက်ခံတပ်မဟုတ်ပါဘူး။ ဒါပေမယ့် ညီညွတ်ရေးကိုရှေးရှုပြီး အညာဒေသခံတပ်ဖွဲ့တွေအားလုံးနဲ့ အတူတကွ ပူးပေါင်းဆောင်ရွက်ဖို့ အစဉ်တစိုက် ကြိုးစားသွားမယ်လို့ ကတိပြုပါတယ်။” ဟု BPLA ကွပ်ကဲရေးမှူး မောင်ဆောင်းခက ပြောသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေးတွင် ပါဝင်တိုက်ခိုက်ခဲ့သည့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) သည် အညာဒေသတွင် အခြေစိုက်ပြီး စစ်ဆင်ရေးဖော်ဆောင်လာနိုင်တော့မည်ဖြစ်ကာ အညာလူထုအနေဖြင့် ၎င်းတို့အား ကြိုဆိုနေမည်ဟု မျှော်လင့်ယုံကြည်ကြောင်း BPLA ကွပ်ကဲရေးမှူးက ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၂၇) ရက်နေ့တွင် အသိပေး ပြောဆိုခဲ့သည်။

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ကို ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအောက်တွင် မြန်မာနိုင်ငံရှိ မတူကွဲပြားသည့် တိုင်းရင်းသားများအားလုံး စည်းလုံးညီညွတ်မှု ခိုင်မာစေရန် ရည်ရွယ်၍ ကဗျာဆရာမောင်ဆောင်းခအပါအဝင် တက်ကြွလှုပ်ရှားသူ (၁၇)ဦးဖြင့် ၂၀၂၁ ခုနှစ် ဧပြီလ (၁၇) ရက်နေ့တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။

#TachileikNewsAgency

Photo: BPLA တပ်ဖွဲ့ဝင်များ (ပုံဟောင်း)