ဘုတလင်မြို့နယ် စီပါရွာတွင် သေဆုံးခဲ့ရသူ ၆ ဦးအတွက် တရားအမျှပေးဝေ

ဘုတလင်မြို့နယ် စီပါရွာတွင် သေဆုံးခဲ့ရသူ ၆ ဦးအတွက် တရားအမျှပေးဝေ
အောက်တိုဘာ 26, 2024 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် စီပါရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးကာ သတ်ဖြတ်သွားသည့် အရပ်သား(၆)ဦးအတွက် တရားနာအမျှဝေခြင်းအား မိသားစုဝင်များက ယနေ့ ၂၀၂၄ခုနှစ် အောက်တိုဘာလ (၂၆)ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ကြောင်း သိရသည်။

အောက်တိုဘာလ (၄)ရက်နေ့ကစတင်ကာ ဘုတလင်မြို့နယ်ကို စစ်ကြောင်းထိုးပြီး အရပ်သား(၂၅)ဦးကို သတ်ဖြတ်သွားသည့်အထဲတွင် စီပါရွာမှ အရပ်သား(၆)ဦးကို စစ်ကောင်စီတပ်က ရက်စက်စွာသတ်ဖြတ်သွားသည့်ဖြစ်စဉ်လည်း ပါဝင်ပြီး ယနေ့တွင် မိသားစုဝင်များက ယင်းနေရာ၌ တရားနာအမျှဝေကြောင်း သိရသည်။

“ဒီနေ့ မနက်(၁၁)နာရီလောက်မှာ သတ်ခံရတဲ့နေရာမှာ တရားနာ အမျှဝေတာတွေ လုပ်တယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

စစ်ကောင်စီတပ်က အောက်တိုဘာလ (၁၇)ရက်နေ့က စီပါရွာမှ ဦတင်လှိုင် (၇၈)နှစ်၊ ဦးရာစိန် (၅၈)နှစ်၊ ဦးဌေးလွင် (၅၈)နှစ်၊ ဦးထက်အောင် (၄၃)နှစ်နှင့် အမည်စုံစမ်းဆဲတို့ကို သတ်ဖြတ်သွားခြင်း ဖြစ်သည်။

စက်တင်ဘာလ (၃၀)ရက်နေ့က ဘုတလင်မြို့ နယ် ကူတော်ရွာရဲကင်းစခန်းမှ ဘုတလင်သို့ ပြန်လာသော စစ်ကောင်စီတပ်မှ ဗိုလ်မှူးကျော်တင့် (ခမရ-၁၀၆) ဦးဆောင်သော ခမရ (၁၀၆၊ ၃၀၉၊ ၁၆)၊ ခလရ (၂၂၉)၊ နမခတိုင်း လက်အောက်ခံ ပူးပေါင်း အင်အား (၈၅)ဦးပါ စစ်ကြောင်းအား စီပါရွာ‌အနောက်တောင်ဘက်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ကြသည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၃၃)ဦး သေဆုံးပြီး ဗိုလ်ကြီး(၂)ဦးပါ စစ်သုံ့ပန်း (၄၃)ဦး လက်နက်ချအညံ့ခံကာ လက်နက်မျိုးစုံ (၅၆)လက်နှင့် ခဲယမ်းမီးကျောက်များကို တော်လှန်ရေးတပ်များက သိမ်းဆည်းရရှိခဲ့သည့်ဖြစ်စဉ်ကြောင့် စီပါကျေးရွာအပါ ကျေးရွာတချို့ကို စစ်ကောင်စီတပ်က ပြန်လည် စစ်ကြာင်းထိုးခြင်းဖြစ်သည်။

ယင်းနောက် မုံရွာရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ အင်အား(၁၀၀)ဝန်းကျင်ပါ စစ်ကောင်စီတပ်သည် ဘုတလင်မြို့နယ်ကို စစ်ကြောင်းထိုးပြီး တက်လှိုင်းရွာမှ တစ်အိမ်၊ စီပါရွာမှ (၂၉၃)အိမ်၊ ကျွဲသေချောင်းမှ (၄၅)အိမ်၊ ဆည်ဝရွာမှ (၁၁)အိမ်နှင့် နွားတဲ (၃)လုံး၊ ဆည်ဝရွာသစ်မှ (၂၈)အိမ်နှင့် နွားတဲ(၆)လုံး၊ အိုင်ပေါင်းချောင်ရွာမှ အိမ်(၂၀)နှင့် နွားတဲတစ်လုံးနှင့် စိုင်ပြင်လေးရွာမှ နေအိမ်(၂၆)လုံးတို့ကို မီးရှို့သွားသည်ဟု သိရသည်။

#TachileikNewsAgency

Photo: CJ