စစ်ကိုင်းဖက်ဒရယ်ယူနစ်၏ ဖွဲ့စည်းပုံ မူကြမ်း ထွက်ရှိ

စစ်ကိုင်းဖက်ဒရယ်ယူနစ်၏ ဖွဲ့စည်းပုံ မူကြမ်း ထွက်ရှိ

စစ်ကိုင်းဖက်ဒရယ်ယူနစ်၏ ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း) ထွက်ပြီဖြစ်ကြောင်း စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်က ယနေ့ ၂၀၂၄ခုနှစ် အောက်တိုဘာလ (၂၅)ရက်နေ့တွင် အသိပေးထုတ်ပြန်သည်။

မူကြမ်းကို ကော်မရှင်တွင်ပါဝင်သော အစုအဖွဲ့အသီးသီး၏ အဖွဲ့ဝင်(၅၇)ဦးက ကြိုးစားအားထုတ်နိုင်ခဲ့မှုကြောင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်၏ ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း)အား ကြားကာလ ဖွဲ့စည်းပုံဥပဒေ ရေးဆွဲရေးကြိုတင်ပြင်ဆင်မှုဆိုင်ရာ ဥပဒေပုဒ်မ(၁၃)အရ ယနေ့တွင် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း) ရေးဆွဲရေးကော်မရှင်မှ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်သို့ တင်သွင်းအပ်နှံလိုက်သည်ဟု ဆိုသည်။

ထို့ကြောင့် ကော်မရှင်အဖွဲ့ဝင် (၅၇)ဦး၏ ကြိုးစားအားထုတ်မှုများ အပေါ်တွင် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်က စစ်ကိုင်းပြည်သူလူထုကိုယ်စား ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း ဖော်ပြသည်။ 

စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်အနေဖြင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်၏ ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း)အား လွှတ်တော်၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ မဆောင်ရွက်မီ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ဒေသအတွင်းတော်လှန်ရေး အင်အားစုများ၊ နိုင်ငံရေးအင်အားစုများအပြင် ကျန်ရှိနေသော ယူနစ်အတွင်းရှိ အခြားအင်အားစုများကိုပါ မူကြမ်းအား ပေးပို့ပြီး ပေါင်းစပ်ညှိနှိုင်းအကြံပြုချက်များရယူမည်ဟုလည်းဆိုသည်။

အဆိုပါမူကြမ်းထွက်ပေါ်ရေး စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်သည် စစ်ကိုင်းဒေသအတွင်းရှိ ၂၀၂၀ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ၊ CDM နိုင်ငံ့ဝန်ထမ်းများ၊ တိုင်းရင်းသားအင်အားစုများ၊ လေးစားယုံကြည်ခံရသူများနှင့် သပိတ်အင်အားစုများ၊ နိုင်ငံရေးပါတီများနှင့် ညှိနှိုင်းဆွေနွေးခဲ့ကာ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် လွှတ်တော်အထူးအစည်းအဝေးခေါ်ယူပြီး မူကြမ်းရေးဆွဲရေးကော်မရှင်ကို အတည်ပြု ဖွဲ့စည်းခြင်းဖြစ်သည်။

#TachileikNewsAgency

Photo: Sagaing Federal Unit Hluttaw