ထိုင်းနိုင်ငံအတွင်းသို့ တရုတ်နိုင်ငံကနေ တင်သွင်းသည့် Shine Muscat စပျစ်သီးများတွင် ကျန်းမာရေးကို ဆိုးဝါးစွာ ထိခိုက်စေနိုင်သည့် အန္တရာယ်ရှိ ဓါတုဓါတ်ကြွင်း အများအပြားတွေ့ရှိရကြောင်း ထိုင်း FDA က ကြေညာသည်။
ဘန်ကောက်မြို့ နေရာအနှံ့မှ အဆိုပါစပျစ်သီးနမူနာ (၂၄)ခုကို ကျပမ်းကောက်ယူပြီး ဓါတ်ခွဲစစ်ဆေးရာ (၂၃)ခု၌ ပိုးသတ်ဆေးဓါတ်ကြွင်း သတ်မှတ်ပမာဏထက် များပြားနေသည်ကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။
ထိုင်း FDA ၊ ထိုင်း ပိုးသတ်ဆေးအန္တရာယ်သတိပေးကွန်ရက်နှင့် Chalard Sue မဂ္ဂဇင်းနှင့် စားသုံးသူရေးရာဖေါင်ဒေးရှင်းတို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့ က ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၂၄)ရက်နေ့တွင် ထုတ်ပြန်ကြေညာခြင်းဖြစ်သည်။
ထိုင်းနိုင်ငံတွင်း အကြီးအကျယ် ရောင်းအားမြှင့်ပြီး ရောင်းချနေသည့် အဆိုပါ စပျစ်သီးများနှင့်ပတ်သက်၍ စားသုံးသူများ၏ စိုးရိမ်စိတ်ဖြင့် မေးမြန်းကြသည့် မေးခွန်းများနှင့် အကြံပြုချက်များစွာကို မဂ္ဂဇင်းသို့ ပေးပို့ကြသဖြင့် ပိုးသတ်ဆေးအန္တရာယ်သတိပေးကွန်ရက်နှင့် ချိတ်ဆက်ကာ စပျစ်သီးများအား ဓါတ်ခွဲစစ်ဆေးခန်းပို့ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ဘန်ကောက်နှင့် အနီးဝန်းကျင်တွင် ရောင်းချနေသည့် နေရာပေါင်း (၁၅)နေရာမှ စပျစ်သီးများကို အောက်တိုဘာလ (၂)ရက်နေ့နှင့် (၃)ရက်နေ့များတွင် တစ်ကီလိုလျှင် ဘတ် (၁၀၀)မှ (၆၉၉)ဘတ်အထိ ဈေးနှုန်းအသီးသီးပေး၍ ဝယ်ယူစုဆောင်းခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ စပျစ်သီးများကို ဓါတ်ခွဲစစ်ဆေးရာ
၁။ နမူနာ (၂၄)ခုတွင် (၉)ခုက တရုတ်နိုင်ငံမှ တင်သွင်းသည်ဟု ဖေါ်ပြထားပြီး ကျန် နမူနာအထုပ်များတွင် မည်သည့်နေရာမှ တင်သွင်းကြောင်း ဖေါ်ပြရန် ပျက်ကွက်ထားကြောင်း တွေ့ရသည်။
၂။ နမူနာတစ်ခုတွင် တားမြစ်ထားသည့် အလွန်အန္တရာယ်မြင့်သည့် ဓါတုပစ္စည်းအမျိုးအစား Chlorpyrifos ပါဝင်နေပြီး နမူနာ (၂၂) ခုတွင် ဓါတုဓါတ်ကြွင်း (၁၄) မျိုးမှာ သတ်မှတ်ပမာဏထက်များနေသည်ကို တွေ့ရသည်။
၃။ စုစုပေါင်း ဓါတုဓါတ်ကြွင်းအဆိပ်အမျိုးအစားပေါင်း (၅၀) ကိုတွေ့ရသည်။ ယင်းတို့အနက် (၂၆)မျိုးမှာ အန္တရာယ်ရှိဓါတုပစ္စည်းအဆင့် (၃)အုပ်စုတွင် ပါဝင်ပြီး အမျိုးအစား (၂)ခုနှာ ထိုင်းနိုင်ငံတွင် တားမြစ်ထားသည့် အဆင့် (၄)အုပ်စု အန္တရာယ်ရှိဓါတုပစ္စည်းအုပ်စုတွင် ပါဝင်ကြောင်း သိရသည်။ အခြား ဓါတုဓါတ်ကြွင်း (၂၂)မျိုးမှာ ထိုင်းနိုငင်ံတွင် အန္တရာယဉ်ရှိဓါတုဓါတ်ကြွင်းစာရင်းပြုစုထားခြင်းမရှိသေးသည့်အုပ်စုမှ ဖြစ်သည်။
၄။ Shine Muscat စပျစ်သီးများတွင် တွေ့ရသည့် ဓါတုဓါတ်ကြွင်းအမျိုးအစားပေါင်း (၅၀)အနက် (၃၇)မျိုးမှာ အသီး၏ တစ်ရှုးတွင်ရှိနေပြီး ရေဖြင့်ဆေးကြော၍မရပါ။
၅။ Shine Muscat စပျစ်သီးနမူနာတစ်ခုချင်းစီတွင် အဆိပ်သင့်ဓါတုဓါတ်ကြွင်း အမျိုးအစား (၇)ခုမှ (၁၈)ခုအထိ ပါဝင်နေပြီး နမူနာ (၂၄)ခုအနက် (၂၃)ခုတွင် အဆိပ်သင့်ဓါတုဓါတ်ကြွင်းအမျိုးအစား အနည်းဆုံး (၁)မျိုးမှ (၆)မျိုးအထိမှာ ခွင့်ပြုထားသည့်ပမာဏထက် ကျော်လွန်နေကြသည်။
အဆိုပါ ဓါတ်ခွဲတွေ့ရှိချက်များအရ ဖြန့်ဖြူးသူ၊ ရောင်းချသူများအနေဖြင့် တာဝန်ယူမှုရှိကြရန် အကြံပြုထားသည်။
ထိုင်းနိုင်ငံအပြင် မြန်မာနိုင်ငံအတွင်း ဈေးကွက်များတွင်လည်း အဆိုပါ စပျစ်သီးများ ရောင်းချနေကြောင်း သိရသည်။
#TachileikNewsAgency
Source: The Nation Thailand
Photo: Thai FDA