KNU ဌာနချုပ်ကို စစ်ကောင်စီဒရုန်းဗုံးဖြင့် တိုက်ခိုက်

KNU ဌာနချုပ်ကို စစ်ကောင်စီဒရုန်းဗုံးဖြင့် တိုက်ခိုက်

ကရင်အမျိုးသားအစည်းအရုံး(KNU) ဌာနချုပ်ဖြစ်သည့် တပ်မဟာ(၇)တွင် KNU ခေါင်းဆောင်များ အစည်းအဝေးလုပ်နေချိန် စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ခုနှစ် အောက်တိုဘာလ (၂၂)ရက်နေ့ နံနက်ပိုင်းက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း စစ်ရေးသတင်းအရင်းအမြစ်ထံမှ သိရသည်။

KNU ဗဟိုဌာနချုပ် စစ်ရုံးချုပ်ရုံးရှိရာ သေ့ဘေးထစခန်းကို စစ်ကောင်စီက ကာမီကာဇယ်ဒရုံးအကြီးများဖြင့် လာရောက် ဗုံးကြဲခြင်းဖြစ်ပြီး KNU ခေါင်းဆောင်များ အစည်းအဝေးလုပ်ခြင်းကို ရပ်နားလိုက်ရကာ လူအထိအခိုက်မရှိဟု ဆိုသည်။

“KNU ဌာနချုပ်ကို အရင်က ဗုံးကြဲတိုက်ခိုက်တာမျိုးမရှိခဲ့ဘူး။ ဗုံး(၄)လုံးလာကြဲတာ။ ထိခိုက်မှုတော့မရှိဘူး။ ထမင်းစားတဲ့နေရာ နည်းနည်းပျက်သွားတယ်။”ဟု စစ်ရေးသတင်းအရင်းအမြစ်က Tachileik News Agency ကိုပြောသည်။

KNU တပ်မဟာ(၇)သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နယ်မြေဖြစ်ပြီး စစ်ကောင်စီတပ်က ယခုကဲ့သို့ လာရောက်တိုက်ခိုက်ပါက ခုခံတိုက်ခိုက်သွားမည်ဟုလည်း ၎င်းကဆိုသည်။

လက်ရှိတွင် စစ်ကောင်စီ၏ စတင်တိုက်ခိုက်ခြင်းကြောင့် တပ်မဟာ(၇)နယ်မြေရှိ ကျောင်းများ၊ ရုံးများကို ယာယီရပ်ဆိုင်းထားသည်ဟုလည်း သိရသည်။

အောက်တိုဘာလ (၁၈)ရက်နေ့က စစ်ကောင်စီတပ်၏ စွယ်တော်ကုန်း အမြောက်ဗျူဟာစခန်းကုန်းကို KNLA ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီတပ်က KNU ဌာနချုပ်ကို ဗုံးကြဲ ခြင်းဖြစ်သည်ဟုလည်း သိရသည်။

#TachileikNewsAgency

Photo: CJ