ရှမ်းပြည်နယ်တောင်ပိုင်း ဝမ်ဟိုင်းမြို့သို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်ပြည်သူများအတွက် လိုအပ်သည့် စားသောက်ကုန်ပစ္စည်းများကို ပံ့ပိုးကူညီပေးကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA မှ ယနေ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁၉) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲဖြစ်ပွားသည့် မြို့နယ်များမှ ဝမ်ဟိုင်းမြို့ SSPP/SSA ဌာနချုပ်သို့ ထွက်ပြေး တိမ်းရှောင်လာသည့် စစ်ဘေးရှောင်ပြည်သူ (၁၁၃) ဦးကို SSPP/SSAမှ ကျပ်ငွေ သိန်း (၃၀)ကျော် တန်ဖိုးရှိ ဆန် ၊ ဆား၊ ဟင်းချိုမှုန့်၊ ခရမ်းချဥ်သီး၊ ကုလားပဲ ၊ ဆီ၊ ကြာဇံ၊ အာလူး နှင့် ကြက်သွန်နီများ ပံ့ပိုးကူညီပေးခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်တချို့တွင် တိုက်ပွဲများဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်နေသဖြင့် ဒေသခံပြည်သူများ နေအိမ်များကို မပြန်ရဲသေးသည့်အပြင် ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
ယနေ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁၉)ရက်နေ့အထိ ရရှိထားသည့် စာရင်းများအရ တိုက်ပွဲများကြောင့် ထိန်းချုပ်နယ်မြေအတွင်းသို့ ထွက်ပြေးခိုလှုံရောက်ရှိလာကြသည့် စစ်ဘေးရှောင်ပြည်သူများသည် (၆၀၀၀)ကျော် ရှိနေကြောင်း SSPP/SSA မှ အသိပေးထားသည်။
#TachileikNewsAgency
Photo: SSPP Info