နောင်ချိုမြို့ကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် သားအဖ ၃ ဦးသေဆုံး 

နောင်ချိုမြို့ကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် သားအဖ ၃ ဦးသေဆုံး 

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြိုနယ်ကို ယနေ့ ၂၀၂၄ခုနှစ် အောက်တိုဘာလ (၁၉)ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က ဂျက်လေယာဥ်ဖြင့် (၂)ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေး(၂)ဦးအပါအဝင် (၃)ဦး သေဆုံးပြီး (၃)ဦး ဒဏ်ရာအပြင်းအထန်ရရှိကာ နေအိမ်(၁၇)လုံး ပျက်စီးသွားကြောင်း TNLA ထံမှ သိရသည်။ 

စစ်ကောင်စီတပ်သည် ယနေ့ နံနက်(၅)နာရီ (၁၅)မိနစ်ဝန်းကျင်တွင် နောင်ချိုမြို့ တောင်ရပ်ကွက်အတွင်းသို့  လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ အဆိုပါရပ်ကွက်ရှိ ဦးကျော်၏ နေအိမ်အပေါ်သို့ ဗုံးကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် အိမ်ပိုင်ရှင် ဦးကျော်၊ ၎င်း၏သမီး (၂)ဦးဖြစ်သည့် မကျော်စုဝေနှင့် မခင်နဒီကျော်တို့ (၃)ဦး သေဆုံးသွားသည်ဟု သိရသည်။

ထိုနောက် (၅)နာရီ (၂၅)မိနစ်တွင် နောက်တစ်ကြိမ် ထပ်မံလာရောက်ဗုံးကြဲတိုက်ခဲ့ရာ ဦးပြား၏နေအိမ်ပေါ် ကျရောက်ပေါက်ကွဲပြီး ဦးပြားနှင့် ၎င်း၏ဇနီး မငယ်ချော အပါအဝင် (၃)ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း သိရသည်။

သီတင်းကျွတ်လပြည့်ညကလည်း စစ်ကောင်စီတပ်မှ နောင်ချိုမြိုအတွင်း  လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ(၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

#TachileikNewsAgency

Photo: PSLF/TNLA News