မြန်မာပြည်အတွင်း ရေဘေးအန္တရာယ် ကြုံတွေ့ခဲ့ရသည့် ဒေသများတွင် အိမ်သုံးအရေးပေါ်ပစ္စည်းများ ကုလသမဂ္ဂ ထောက်ပံ့ပေးအပ်

မြန်မာပြည်အတွင်း ရေဘေးအန္တရာယ် ကြုံတွေ့ခဲ့ရသည့် ဒေသများတွင် အိမ်သုံးအရေးပေါ်ပစ္စည်းများ ကုလသမဂ္ဂ ထောက်ပံ့ပေးအပ်
အောက်တိုဘာ 17, 2024 | အခြားဒေသများ

မြန်မာပြည်အတွင်း ရေဘေးအန္တရာယ် ကြုံတွေ့ခဲ့ရသည့် ဒေသများတွင် ပြန်လည်ထူထောင်ရေးအတွက် မရှိမဖြစ်လိုအပ်သည့် အိမ်သုံးအရေးပေါ်ပစ္စည်းများ (HEAP) ထောက်ပံ့ပေးအပ်လျှက်ရှိကြောင်း UNDP Myanmar (ကုလသမဂ္ဂ ဖွံဖြိုးတိုးတက်ရေး အစီအစဉ်) မှ ယနေ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁၇) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ယခုနှစ်အတွင်း အာရှတိုက်ကို တိုက်ခတ်သည့် အားအပြင်းဆုံး တိုင်ဖွန်းမုန်တိုင်း ယာဂီကြောင့် ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းနှင့် မကွေးတိုင်းအပါအဝင် ပြည်နယ်နှင့်တိုင်း ကိုးခုတို့တွင် နေရာအနှံ့ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး တုံ့ပြန်မှုအနေဖြင့် UNDP Myanmar သည် ထိုဒေသများရှိ ရေဘေးဒဏ်သင့်အသိုင်းအဝိုင်းများအား ထောက်ပံ့ကူညီရန်အတွက် မရှိမဖြစ်လိုအပ်သော အိမ်သုံးအရေးပေါ်ပစ္စည်းများ (HEAP) ကို ပံ့ပိုးဖြန်ဖြူးပေးလျှက်ရှိကြောင်း သိရသည်။

UNDP Myanmar သည် ညောင်ဦး(မန္တလေးတိုင်း)၊ ကမ္မ နှင့် ဆင်ဘောင်ဝဲ(မကွေးတိုင်း ဒေသကြီး)၊ ညောင်ရွှေ(ရှမ်းပြည်နယ်) နှင့် ဘားအံ (ကရင်ပြည်နယ်) တို့တွင် တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းများ၊ အစားအသောက်၊ ဆိုလာဓါတ်မီး၊ ပါဝါဘန့်၊ အဝတ်အထည်များနှင့် အခြေခံဆေးဝါးပစ္စည်းများ ပါဝင်သည့် HEAP အထုပ်များကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ယခုလာမည့် ရက်သတ္တပတ်များတွင် ထိုပံ့ပိုးကူညီမှုများကို ကလောမြို့နယ် (ရှမ်းပြည်နယ်)၊ လှိုင်းဘွဲမြို့နယ် (ကရင်ပြည်နယ်) နှင့် ပဲခူးတိုင်းဒေသကြီးရှိ ရပ်ရွာများတွင် တိုးချဲ့ဆောင်ရွက်သွားမည် ဖြစ်ပြီး အဆိုပါ ထောက်ပံ့ရေးပစ္စည်းများသည် သဘာဝဘေးအန္တရာယ် ရင်ဆိုင်အပြီးတွင် ရပ်ရွာပြန်လည်ထူထောင်ရေးအတွက် အရေးကြီးသော ပံ့ပိုးမှုများတွင် ပါဝင်ကြောင်း UNDP Myanmar မှ အသိပေးထားသည်။

ယခု လုပ်ဆောင်မှုသည် UNDP ၏ ပရောဂျက်တစ်ခုဖြစ်သော Enabling Community Recovery and Resilience (ENCORE) မှ ကြိုးပမ်းအားထုတ်မှု တစ်စိတ်တစ်ပိုင်းဖြစ်ပြီး အနာဂတ်တွင် ကြုံလာမည့် သဘာဝဘေးအန္တရာယ်များအတွက် ရပ်ရွာလူထုအနေဖြင့် ပြန်လည် ထူထောင်နိုင်စွမ်းအားရရှိစေရန်နှင့် ပိုမိုကြံ့ကြံ့ခံနိုင်ရည်ရှိလာစေရန် ဒေသခံ အသိုင်းအဝိုင်းများနှင့် ပူးပေါင်းလုပ်ဆောင်လျှက်ရှိကြောင်း သိရှိရသည်။

#TachileikNewsAgency

Photo: UNDP Myanmar