သာယာဝတီအကျဉ်းထောင်တွင် သေဆုံးသွားသည့် နိုင်ကျဉ်းအား သင်္ဂြိုဟ်တော့မည့် အချိန်ထိ သံခြေကျင်း မဖြုတ်ပေး

သာယာဝတီအကျဉ်းထောင်တွင် သေဆုံးသွားသည့် နိုင်ကျဉ်းအား သင်္ဂြိုဟ်တော့မည့် အချိန်ထိ သံခြေကျင်း မဖြုတ်ပေး
အောက်တိုဘာ 14, 2024 | 2021 Military Coup| အခြားဒေသများ



ပဲခူးတိုင်း သာယာဝတီအကျဉ်းထောင်တွင် ၂၀၂၄ခုနှစ် အောက်တိုဘာလ(၁၃)ရက်နေ့ ညနေပိုင်းက သေဆုံးသွားသည့် နိုင်ငံရေးအကျဉ်းသားကို ထောင်အာဏာပိုင်များက သင်္ဂြိုဟ်တော့မည့်အချိန်ထိ ဒေါက်(သံခြေကျင်း) မဖြုတ်ပေးဟု အကျဥ်းထောင်ဝန်ထမ်းနှင့် နီးစပ်သောသူများထံမှ သိရသည်။

သာယာဝတီထောင်တွင် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၁(ဂ)၊ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသည့် အဖွဲ့ အစည်းကို ငွေကြေးထောက်ပံ့ခြင်း ၅၀(ည)တို့ဖြင့် ထောင်ဒဏ်(၁၅)နှစ် မတရားချခံထားရသည့် နိုင်ငံရေးအကျဉ်းသား ဦး ဌေးအောင်ကျော်(၄၁)နှစ်သည် သာယာဝတီဆေးရုံ၌ ကွယ်လွန်သွားခြင်းဖြစ်သည်။

“ဒီနေ့ မနက်(၁၁)နာရီမြေချမှာကို (၈)နာရီကျော်အထိ ခြေကျင်းဒေါက် မဖြုတ်ပေးသေးတာ။ သူက ဆေးရုံတက်နေရတာ (၄)ခါရှိပြီ။ အသဲနဲ့ ကျောက်ကပ် မကောင်းတာ။”ဟု အကျဥ်းထောင်ဝန်ထမ်းနှင့် နီးစပ်သောသူတစ်ဦးက Tachileik News Agency ကို အောက်တိုဘာလ(၁၄)ရက်နေ့တွင် ပြောသည်။

 ဦးဌေးအောင်ကျော်သည် ၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၅)ရက်နေ့တွင် စစ်ကောင်စီတပ်က ဖမ်းဆီးထောင်ချပြီးနောက် ထောင်တွင်းကျန်းမာရေးဆိုးဝါးလာကာ အောက်တိုဘာလ(၁၃)ရက်နေ့ ညနေပိုင်းတွင် ကွယ်လွန်သွားခြင်းဖြစ်ပြီး မည်သည့်အတွက်ကြောင့် သံခြေကျင်းဖြုတ်မပေးသည်ကိုမူ မသိရသေးပါ။ 

“ပြီးခဲ့တဲ့နှစ် ဇူလိုင်၊ ဩဂုတ်လ နောက်ပိုင်း ကျဆုံးသူ နိုင်ငံရေးအကျဉ်းသားတွေကို အကျဉ်းဦးစီးကပဲ သင်္ဂြိုဟ်တယ်ဗျ။ မိသားစုဝင် တွေကိုတော့ ဖိတ်တာပေါ့နော်။ တချို့မိသားစုဝင်တွေကတော့ သူတို့ရဲ့အရေးကြီးတဲ့ မိတ်ဆွေ၊ သူငယ်ချင်းတွေကိုတော့ ဖိတ်တာပေါ့။ အိမ်ကိုသယ်ဆောင်ခွင့် မပေးတာတော့ ကြာပြီဗျ။ အနည်းဆုံးတစ်နှစ်လောက်ရှိပြီ။ အဲဒီမတိုင်ခင်က ထုတ်ပေး လိုက်တာမျိုးတွေရှိတယ်။ အဲဒီလို ထုတ်ပေးလိုက်လို့ရှိရင် ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့မှုအရမ်းများလို့ သူတို့ မလုပ်တော့ဘူး။” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက Tachileik News Agency ကို ပြောသည်။

ဦးဌေးအောင်ကျော်၏ ညီဖြစ်သူမှာလည်း လက်ရှိတွင် သေဒဏ် ချမှတ်ခံထားရသည်ဟု နိုင်ငံရေးအကျဉ်သားအသိုင်းအဝိုင်းထံက  သိရပြီး ၎င်း၏အခြေအနေကိုမူ အကျဥ်းထောင်ဝန်ထမ်းနှင့် နီးစပ်သောသူကမူ အသေးစိတ်ပြောပြခြင်းမရှိပါ။

ဦးဌေးအောင်ကျော်သည် ကျိုက်မရောထောင်မှ သာယာဝတီထောင်သို့ ထောင်ပြောင်းရွှေ့ခံရပြီးနောက်တွင် ထောင်တွင်း ရိုက်နှက်ခံရခြင်း၊ တိုက်ပိတ်ခြင်းများခံခဲ့ရခြင်းများကြောင့် အတွင်းကြေဒဏ်ရာများနှင့်အတူ အသည်းရောဂါကိုပါ ခံစား နေရပြီး စစ်ကောင်စီက အချိန်မီဆေးကုသခွင့်မပြုခဲ့ဟု သိရသည်။