လားရှိုး အီနိုင်းရွာကို စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား(၃)ဦး သေဆုံး

လားရှိုး အီနိုင်းရွာကို စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား(၃)ဦး သေဆုံး

 

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အနီးရှိ အီနိုင်းရွာကို အာဏာသိမ်း စစ်ကောင်စီက ၂၀၂၄ခုနှစ် အောက်တိုဘာလ(၁၄)ရက် နေ့ နံနက်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား (၃)ဦးသေဆုံးကာ ကလေးတစ်ဦးအပါအဝင် (၂)ဦး ဒဏ်ရာရသွားကြောင်း သိရသည်။

အဆိုပါ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား အမျိုးသား(၃)ဦးသေဆုံးပြီး အမျိုးသမီးတစ်ဦး၊ အသက်(၄) နှစ်အရွယ် ကလေးငယ်တစ်ဦးတို့ ဒဏ်ရာရရှိခဲ့သည့်အပြင် မူကြိုကျောင်းတစ်ကျောင်းအပါအဝင် အဆောက်အဦးများလည်း ပျက်စီးသွားကြောင်း သိရသည်။

“ပေါက်ကွဲအားပြင်းလို့ လူနေအိမ်(၅)အိမ်လောက် ပျက်စီးတယ်။ ကချင်နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်း တစ်ကျောင်း၊ ဘုရားကျောင်းဝန်းထဲက ခန်းမတစ်ခု၊ လက်ရှိဖွင့်နေဆဲ မူကြိုကျောင်းတစ်ကျောင်း ပျက်စီးသွားတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။



စစ်ကောင်စီက လားရှိုးမြို့ကို MNDAA ထံလက်လွှတ်ဆုံးရှုံးရပြီးနောက်ပိုင်း စစ်ရေးပစ်မှတ် မဟုတ်သည့် အရပ်သားနေရာပါမရှောင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းပြုလုပ်နေရာ အောက်တိုဘာလ (၁၄)ရက်နေ့ တိုက်ခိုက်မှုအပါအဝင် စုစုပေါင်း လေကြောင်းတိုက်ခိုက်မှု (၁၆)ကြိမ် ပြုလုပ်ထားပြီးဖြစ်ကြောင်း MNDAA က သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် ရှမ်းပြည်နယ်မြောက်ပိုင်း တော်လှန်ရေးအဖွဲ့များ၏ ၁၀၂၇ စစ်ဆင်ရေးနှစ်ကြိမ်အတွင်း နယ်မြေအများအပြားကို လက်လွှတ်ဆုံးရှုံးခဲ့ရပြီးနောက် အဆိုပါဒေသများအား လေကြောင်းမှ အရှိန်မြှင့်တိုက်ခိုက်နေခြင်းဖြစ်သည်။

စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက်ပိုင်း ၎င်းတို့ မထိန်းချုပ်နိုင်တော့သည့် ဒေသများတွင် စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားနေရာများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများအပြင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများကိုပါ လုပ်နေခြင်းဖြစ်သည်။



 

Photo: Nay Wai Soe