စစ်ကောင်စီ တပ်မ(၃၃)မှ နမခသို့ ဆင်းလာသော သံချပ်ကာကား (၄)စီးကို တော်လှန်ရေးတပ်များတိုက်ခိုက်

စစ်ကောင်စီ တပ်မ(၃၃)မှ နမခသို့ ဆင်းလာသော သံချပ်ကာကား (၄)စီးကို တော်လှန်ရေးတပ်များတိုက်ခိုက်

စစ်ကိုင်းတိုင်း စစ်ကောင်စီ တပ်မ(၃၃)မှ မုံရွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)သို့ ဆင်းလာသော သံချပ်ကာကား (၄)စီးကို တော်လှန်ရေးတပ်များက ၂၀၂၄ခုနှစ် အောက်တိုဘာလ (၁၀)ရက်နေ့က ကြားဖြတ်တိုက်ခိုက်ကြောင်း Brave Heart Army-BHA ထံမှ သိရသည်။ 

တပ်မ(၃၃)မှ မုံရွာ နမခသို့ ထွတ်လာသော သံချပ်ကာယာဉ်(၄)စီးအနက် ရှေ့(၂)စီးကို မုံရွာ-ချောင်းဦးလမ်းပိုင်း တစ်နေရာ၌ ပြောက်ကျားပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သား တစ်ဦးသေကာ ဒဏ်ရာရသူများရှိကြောင်း သတင်းထုတ်ပြန်ထားသော်လည်း သေဆုံးမှုအခြေအနေကို Tachileik News Agency အနေဖြင့် အတည်မပြုနိုင်ပါ။

တော်လှန်ရေးတပ်များ၏တိုက်ခိုက်မှုကြောင့် သံချပ်ကားတစ်စီး တိုက်ပွဲအနီးတွင် ထိုးရပ်ခဲ့ပြီး မုံရွာနမခမှ စစ်ကူထွက်လာသော သံချုပ်ကာကား(၂)စီးဖြင့် လာရောက်ဆွဲသွားခဲ့ရသည်ဟု ဆိုသည်။

တိုက်ခိုက်မှုကို BRAVE HEART ARMY-BHA မှ ဦးဆောင်ပြီး CHINDWIN FIGHTER GROUP-CFG နှင့်အတူ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ စစ်ကောင်စီတပ်ကင်းပုန်းများနှင့် ကားပေါ်ပါလာသော စစ်ကောင်စီတပ်သားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ကြောင်း သိရသည်။

အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နမခ)သည် မုံရွာမြို့ မုံရွာ-ရေဦးအဝေးပြေးလမ်းမကြီးအနီးတွင် အခြေစိုက်သည့် တိုင်းစစ်ဌာနချုပ်တစ်ခုဖြစ်ပြီး ၎င်းတပ်၏ အဓိကတာဝန်မှာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း မြောက်ပိုင်း၊ ချင်းပြည်နယ်ရှိ ဒေသများနှင့် ၎င်းနှင့်ထိစပ်နေသော နေရာဒေသများ၏ စစ်ဆင်ရေးဆိုင်ရာကိစ္စရပ်များအား အဓိကတာဝန်ယူထားခြင်းဖြစ်သည်။

#TachileikNewsAgency

Photo: Brave Heart Army - BHA