မလှိုင်မြို့နယ် သရက်ကောင်းပင်ရွာတွင် စခန်းချနေသည့် စစ်ကောင်စီနှင့် ပျူစောထီးများ ဒရုန်းဖြင့် ဗုံးသီးကြဲချ တိုက်ခိုက်ခံရ

မလှိုင်မြို့နယ် သရက်ကောင်းပင်ရွာတွင် စခန်းချနေသည့် စစ်ကောင်စီနှင့် ပျူစောထီးများ ဒရုန်းဖြင့် ဗုံးသီးကြဲချ တိုက်ခိုက်ခံရ

မန္တလေးတိုင်း မိတ္ထီလာခရိုင် မလှိုင်မြို့နယ် သရက်ကောင်းပင်ရွာတွင် စခန်းချနေသည့် စစ်ကောင်စီနှင့် ပျူစောထီးများအား ဒရုန်းဖြင့် ဗုံးသီးကြဲချ တိုက်ခိုက်ကြောင်း မြင်းခြံခရိုင် အမှတ် (၈) တပ်ရင်း - NRDF ထံမှ သိရသည်။

မလှိုင်မြို့နယ် သရက်ကောင်းပင်ရွာတွင် စခန်းချနေသည့် စစ်ကောင်စီနှင့် ပျူစောထီးများအား ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၆) ရက်နေ့ ညနေ (၃) နာရီခွဲခန့်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ Shar Htoo Wow နည်းပညာသုံး Fixed Wing Drone များဖြင့် ဗုံးသီး (၁၀) လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၁)ဦးနှင့် ပျူစောထီး (၁)ဦး သေဆုံးခဲ့ပြီး (၂)ဦး ထိခိုက်ဒဏ်ရာရရှိသည်ဟု စုံစမ်းသိရှိရကြောင်း မြင်းခြံခရိုင်အမှတ် (၈)တပ်ရင်း - NRDF က ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုအား မြင်းခြံခရိုင် အမှတ် (၈) တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်း ၊ နွားထိုးကြီးမြို့နယ် ပကဖ နှင့် မလှိုင်မြို့နယ်ပကဖ တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ (၅) ရက်နေ့ကလည်း ငါန်းဇွန်မြို့နယ် မင်းနေကုန်းရွာတွင် စခန်းချနေသည့် စစ်ကောင်စီနှင့် ပျူစောထီးများအား မြင်းခြံခရိုင်အမှတ် (၈)တပ်ရင်း - NRDF နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များမှ Fixed Wing Drone များဖြင့် ဗုံးသီး (၁၅)လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်မှုများ ရှိခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo: Natogyi Regional Defence Force - NRDF • မြင်းခြံခရိုင် အမှတ် - ၈ တပ်ရင်း (ပုံဟောင်း)