သီပေါမြို့ကို ဗုံးအလုံး ၆၀ ကျော်ကြဲရာ သီလရှင်တစ်ပါး ပျံလွန်တော်မူ

သီပေါမြို့ကို ဗုံးအလုံး ၆၀ ကျော်ကြဲရာ သီလရှင်တစ်ပါး ပျံလွန်တော်မူ

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့ပေါ် ရပ်ကွက် နှင့် ကျေးရွာများကို စစ်ကောင်စီတပ်က နှစ်ရက်အတွင်း Y-12 လေယာဥ်ဖြင့် ဗုံးအလုံး (၆၀)ကျော် ကြဲချတိုက်ခိုက်ရာ သီလရှင်တစ်ပါး ပျံလွန်တော်မူပြီး ဒေသခံ (၂)ဦး ဒဏ်ရာရကြောင်း TNLA ထံမှ သိရသည်။ 

ယနေ့ ညနေ (၃)နာရီအချိန်တွင် စစ်ကောင်စီတပ်မှ Y-12 လေယာဥ်ဖြင့် ရွှေကျောင်းရပ်ကွက်နှင့် ပန်တိမ်တောင်ရပ်ကွက်အတွင်းသို့ ဗုံး(၁၀)လုံး လာရောက်ကြဲချခဲ့ကြောင်း သိရသည်။ 

ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ရွှေကျောင်းရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံး၊ ပြည်သူနေအိမ်များနှင့် ပန်တိမ်တောင်ရပ်ကွက်ရှိ ဦးအိုက်တူး နေအိမ်တို့ ပျက်စီးခဲ့ကြောင်း သိရသည်။ 

ယမန်နေ့ ည(၁၀)နာရီကျော်တွင်လည်း စစ်ကောင်စီတပ်မှ Y-12 လေယာဥ်ဖြင့် တောင်မြို့ရပ်ကွက်၊ ပန်တိမ်တောင်ရပ်ကွက်၊ အုတ်ကျင်းရပ်ကွက်နှင့် နမ့်ငုံးကျေးရွာတို့တွင် ဗုံးအလုံးရေ (၅၀)ကျော် လာရောက်ကြဲချကြောင်း သိရသည်။ 

စစ်ကောင်စီတပ်မှ Y-12 လေယာဥ်ဖြင့် ဗုံးကြဲချမှုကြောင့် နမ့်ငုံးကျေးရွာ ဘုန်းကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲပြီး သီရှင်တစ်ပါးပျံလွန်တော်မူခဲ့ပြီး ဦးမြင့်လွင်တို့ လင်မယား(၂)ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု သိရသည်။ 

ထို့အပြင် တောင်မြို့ရပ်ကွက်၊ ပန်တိမ်တောင်ရပ်ကွက်နှင့် အုတ်ကျင်းရပ်ကွက်ရှိ ဒေသခံပြည်သူများ၏ နေအိမ် (၁၀)အိမ်ကျော်ကိုလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo: PSLF/TNLA News