တာချီလိတ်မြို့ လွယ်တော်ခမ်းပူးပေါင်းစစ်ဆေးရေးဂိတ်အနီးရှိ တံတားကြီးမှာ စက်တင်ဘာလအတွင်းက ရေနှင့်အတူ မျောပါသွား၍ ယာယီ ကြိုးတံတားအဖြစ် ပြုလုပ်ထားသည့် ကြိုးတံတားမှာလည်း ယနေ့ ၂၀၂၄ခုနှစ် အောက်တိုဘာလ (၃)ရက်နေ့ နံနက်(၉)နာရီ မိနစ်(၂၀)အချိန်က မယ်ဆိုင်ချောင်းအတွင်း မျောပါသွားကြောင်း သိရသည်။
ယခင်တံတားမှာ စက်တင်ဘာလ (၁၀)ရက်နေ့မှ (၁၂)ရက်နေ့အထိ ရေကြီးရေလျှံမှုအတွင်း မယ်ဆိုင်ချောင်းထဲ မျောပါသွား၍ ယာယီကြိုးတံတားအဖြစ် ပြုလုပ်ပြီး စက်တင်ဘာလ (၂၇)ရက်နေ့က စတင်သွားလာရန် အသုံးပြုခဲ့သော်လည်း ယနေ့တွင် မယ်ဆိုင်ချောင်းရေ၏ ရေစီးသန်မှုနှင့်အတူ ရေကြီးရေလျှံမှုကြောင့် ရေထဲ ထပ်မံမျောသွားခြင်း ဖြစ်ကြောင်း သိရသည်။
ယနေ့ အောက်တိုဘာလ (၃)ရက်နေ့တွင် တာချီလိတ်မြို့တွင်း၌ ရေကြီးရေလျှံမှုနှင့် ဖြစ်ပေါ်နေသဖြင့် ဖန်မင်ကျေးရွာအုပ်စုအတွင်း မယ်ယန်းရှိ မယ်ဟုတ်ချောင်းရေမှာလည်း မြင့်တက်လာနေ၍ အနီးရှိ နေအိမ်များသို့ ရေဝင်ရောက်မှုများအထိ ဖြစ်ပေါ်နေကြောင်း သိရသည်။
#TachileikNewsAgency
Photo: သာစည်မျိုးသန့်