တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်အတွင်း တိုင်းရင်းသားနှစ်ခြင်းခရစ်ယာန်အသင်းတော်တွင် ရေဘေးရှောင်နေသူများအတွက် အကူအညီများ လိုအပ်နေ

တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်အတွင်း တိုင်းရင်းသားနှစ်ခြင်းခရစ်ယာန်အသင်းတော်တွင် ရေဘေးရှောင်နေသူများအတွက် အကူအညီများ လိုအပ်နေ
အောက်တိုဘာ 3, 2024 | ရှမ်းရှေ့

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် ၂၀၂၄ခုနှစ် အောက်တိုဘာလ (၂)ရက်နေ့ ည(၁၁)နာရီဝန်းကျင်ကစပြီး ရပ်လိုက် နားလိုက် ရွာသွန်းနေသည့် မိုးကြောင့် တာချီလိတ်မြို့တွင်း ရေတက်လာမှုများကြောင့် မယ်ခေါင်ရပ်ကွက်အတွင်းမှ ရေဘေးသင့်ပြည်သူများအား ကူညီပေးနေသည့် တိုင်းရင်းသားနှစ်ခြင်းခရစ်ယာန်အသင်းတော်သို့ ရောက်ရှိလာနေသည့်အတွက် စေတနာရှင်များ၏ အကူအညီများ လိုအပ်နေကြောင်း သိရသည်။

အောက်တိုဘာလ (၂)ရက်နေ့ ညပိုင်းကစပြီး ရေကြီးရေလျှံလာမှုကြောင့် မယ်ခေါင်ရပ်ကွက်အတွင်း မယ်ခေါင်ချောင်းဘေး နှင့် အနိမ့်ပိုင်းတွင် နေထိုင်သည့် ဗုဒ္ဓဘာသာဝင် မိသားစု  လူကြီး  နှင့် ကလေး အပါအဝင်  (၃၇)ဦး နှင့် ခရစ်ယာန်ဘာသာဝင် မိသားစု လူကြီး နှင့် ကလေး အပါအဝင် (၁၃)ဦး စုစုပေါင်း (၅၀)ဦး ရောက်ရှိလာသည့်အတွက် စေတနာရှင်များ၏ အကူအညီ လိုအပ်နေခြင်း ဖြစ်ကြောင်း သိရသည်။

စေတနာရှင်များအနေဖြင့် တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက် (၃)လမ်းအတွင်းရှိ တိုင်းရင်းသားနှစ်ခြင်းခရစ်ယာန်အသင်းတော် လာရောက်၍သော် လည်းကောင်း၊ ဦးယောန ၏ ဖုန်း 09429935836 သို့ ဆက်သွယ် မေးမြန်း လှူဒါန်းနိုင်ကြောင်း သိရသည်။

ယနေ့ အောက်တိုဘာလ (၃)ရက်နေ့ နံနက်(၆)နာရီအထိ အခြေအနေမှာ ရေများရှိနေခြင်းကြောင့် ဆိုင်ကယ် သွားလာရ အဆင်မပြေနိုင်သေးကြောင်း သိရသည်။

"ရေစီးတာတော့ သန်တယ်။ ဆိုင်ကယ်တော့ ဖြတ်လို့မရသေးဘူး။ ဟိုတခါလောက်တော့ ရေစီးမသန်ဘူး။ ရာသီဥတုအခြေအနေက မိုးဆက်မရွာတော့ ရေတက်တာတော့ ဒီလောက်နဲ့ရပ်နေတဲ့သဘောတော့ရှိတယ်။ မိုးရပ်နေတယ်။ ကောင်းကင်က ရှင်းရှင်းလင်းလင်းတော့ မရှိသေးဘူး။ မိုးဆက်ရွာရင်တော့ ဒီထက် ရေကြီးနိုင်တယ်။ အခုလောလောဆယ် ရေစီးတာကတော့ ဟိုတခါလောက်တော့ အရမ်းမသန်သေးဘူး"ဟု မယ်ခေါင် (၃)လမ်းတွင် နေထိုင်သူ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

တာချီလိတ်မြို့တွင် ယနေ့ အောက်တိုဘာလ (၃)ရက်နေ့ နံနက်(၇)နာရီအထိ မြို့ပေါ်အနိမ့်ပိုင်းရပ်ကွက်များတွင် ရေဝင်ရောက်မှုများရှိနေသလို တာချီလိတ် - တာလေ သွားလမ်းရှိ မယ်ယန်းတွင်လည်း မယ်ဟုတ်ချောင်းရေတက်လာမှုကြောင့် ကျေးရွာတွင် နေအိမ်များအတွင်းသို့ ရေဝင်နေကြောင်း သိရသည်။

#TachileikNewsAgency