ကလောမြို့တွင် မိုးများပြီး ရေပြန်တက်လာကာ ရပ်ကွက်တချို့ကို ရေပြန်ဝင်

ကလောမြို့တွင် မိုးများပြီး ရေပြန်တက်လာကာ ရပ်ကွက်တချို့ကို ရေပြန်ဝင်
အောက်တိုဘာ 1, 2024 | ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့တွင်း ယနေ့ ၂၀၂၄ခုနှစ် အောက်တိုဘာလ(၁)ရက်နေ့ ညနေပိုင်း(၃)နာရီကျော်တွင် ရေပြန်တက်လာပြီး ရပ်ကွက်တချို့ကို ရေဝင်ရောက်နေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။





ပြီးခဲ့သည့်လက ကလောမြို့ရေကြီးရေလျှံဖြစ်ပေါ်ခဲ့ပြီးနောက် တင်ကျန်ရစ်သည့် နုန်းများကို စေတနာရှင်များ၏ အကူအညီဖြင့်ရှင်းလင်းနေသော်လည်း လက်ရှိတွင် ကလောမြို့မှာ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေကြောင့် ရေပြန်တက်လာခြင်းဖြစ်သည်ဟု သိရသည်။



“နေ့လယ်က မိုးတအားများသွားတော့ အခုလည်းမိုးက ရွာနေတုန်းပဲ။ အဲဒီတော့ တောင်ကျရေတွေက ထိုးကျလာ တာ။ နာရီဝက်လောက်အတွင်းမှာ (၄)ပေလောက်မြင့်တက်လာတာ။ အထက်ပိုင်းမှာဆိုရင်တော့ (၅)ပေလောက် တက်တယ်။ ရပ်ကွက်က အိမ်တွေထဲ ရေပြန်ဝင်ကုန်တာပေါ့။ အခုစခန်းသာထဲဆိုရင်တော့ (၃)ပေလောက်ဝင်နေတယ်။"ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ အောက်တိုဘလ(၁)ရက်နေ့ ညနေပိုင်းတွင် ပြောသည်။





လက်ရှိတွင် တောင်ကျရေသည် ရပ်ကွက်(၃)တွင် (၂)ပေခန့်၊ ရပ်ကွက်(၄)နှင့် ရပ်ကွက်(၂)တို့တွင် (၄)ပေခန့်နှင့် စခန်းသာတွင်(၃)ပေခန့်ရေဝင်ရောက်နေပြီဟု သိရပြီး အဆိုပါနေရာများမှ ပရဟိတအဖွဲ့များက နုန်းရှင်းလင်းပေးပြီး‌ သောနေရာများဖြစ်သည်ဟု သိရသည်။



“အဲဒီရပ်ကွက်တွေမှာက ဒေသခံတချို့က အိမ်ပြန်နေကြပြီ။ ဒါပေမယ့် နည်းတော့ နည်းပါတယ်။ ရပ်ကွက်(၄)ကတော့ ပြန်နေကြတာများတယ်။ ရပ်ကွက်(၄)ဆိုတာ ကျွန်တော်တို့က အပြောင်အထိရှင်းပေးခဲ့တဲ့ ရပ်ကွက်ဖြစ်တဲ့အတွက် ရပ်ကွက်(၄)မှာတော့ ပြန်နေကြပြီပေါ့။ အဲဒီအိမ်တွေကတော့ အခု ရေပြန်ဝင်တာပေါ့နော်။ အရမ်းကြီး စိုးရိမ်ရတဲ့အနေအထားမျိုးတော့ မဖြစ်လောက်ဘူးလို့ ထင်ရတယ်။ ဒီညမိုးဆက်ရွာမယ်ဆိုရင်တော့ ကျွန်တော် တို့ သတိထားရမယ့်အနေအထားမျိုးပေါ့။”ဟု ဒေသခံတစ်ဦးက ပြောသည်။



လက်ရှိတွင် ရေအခြေအနေကို ဆက်လက်စောင့်ကြည့်နေဆဲဖြစ်ပြီး မိုးများသဖြင့် ရေဆက်တက်လာနိုင်သည့် အခြေအနေလည်း ရှိနေသည်ဟု သိရသည်။