တာချီလိတ်မြို့တွင် သဘာဝဘေးကြောင့် နေအိမ်အခန်း နှင့် ဆိုင်ခန်း ပြောင်းရွေ့ရသည်ကို (၁)လ ကြိုမပြော၍ ဟုဆိုကာ ပိုင်ရှင်အချို့က မလျော့ပေးသည့်အပြင် တစ်လစာကြိုယူ 

တာချီလိတ်မြို့တွင် သဘာဝဘေးကြောင့် နေအိမ်အခန်း နှင့် ဆိုင်ခန်း ပြောင်းရွေ့ရသည်ကို (၁)လ ကြိုမပြော၍ ဟုဆိုကာ ပိုင်ရှင်အချို့က မလျော့ပေးသည့်အပြင် တစ်လစာကြိုယူ 
အောက်တိုဘာ 1, 2024 | ရှမ်းရှေ့

မြန်မာ - ထိုင်း နယ်စပ်ဒေသ တာချီလိတ်မြို့တွင် အဆိုးရွားဆုံး ရေကြီးရေလျှံမှုနှင့်အတူ ရွံ့နွံ့များ ဖုံးလွှမ်းမှုကြောင့် နေအိမ်အခန်း ငှားရမ်း နေထိုင်သူ နှင့် ဆိုင်ခန်းငှားရမ်းကာ ဆိုင်ဖွင့်လှစ်သူများမှာ သဘာဝဘေးကြောင့် ဆက်လက် နေထိုင် လုပ်ကိုင်၍ မရတော့ဘဲ ပြောင်းရွှေ့ရသည်ကို နေအိမ်နှင့်ဆိုင်ခန်းပိုင်ရှင်များက တစ်လကြိုမပြော၍ ဟုဆိုကာ စပေါ်ငွေ ပြန်မပေးခြင်း နှင့် တစ်လစာ ကြိုယူခြင်းများ ရှိနေကြောင်း သိရသည်။



"ရေကြီးရေလျှံဖြစ်တာက အရင်နဲ့မတူဘူလေ။ ရွံ့နွံတွေက နည်းတာမဟုတ်ဘူး။ ဒီရွံ့တွေက (၁)လ (၂)လနဲ့လည်း ရှင်းလို့ပြီးမှာ မဟုတ်ဘူး။ အဲ့တော့ အလုပ်အသွားအပြန် အဆင်မပြေလို့  တခြားရပ်ကွက်မှာ အခန်းရှာပြီး ပြောင်းဖို့ လုပ်တာကို အိမ်ခန်းငှားပိုင်ရှင်က (၁)လကြို မပြောလို့ဆိုပြီး ပေးထားတဲ့ စပေါ်ငွေ ပြန်မအမ်းနိုင်ဘူးတဲ့။ ပြောင်းချင်လွန်းလို့ ပြောင်းတာလည်းမဟုတ်။ ရုတ်တရက် ဖြစ်လာတဲ့ သဘာဝဘေးကြောင့် တခြားကို ပြောင်းတာ။ ဒါကို အိမ်ရှင်က နားမလည်ပေးနိုင်ဘူးဗျာ"ဟု မယ်ခေါင်ရပ်ကွက်အတွင်းနေသူ တစ်ဦးက ပြောသည်။



တာလော့ရပ်ကွက်အတွင်း ဆိုင်ခန်းဖွင့်လှစ်သူ အချို့ကလည်း သဘာဝဘေးကြောင့် ပြောင်းရွေ့ရသည်ကို ကြိုမပြော၍ဟုဆိုကာ (၁)လစာ ပေးလိုက်ရသည် ဆိုသည်။

"ဘယ်သူကတော့ အခုလိုသဘာ၀ဘေး ဖြစ်လာမှာကို ကြိုသိမှာလဲ။ အခုလိုဖြစ်တော့ ဆိုင်းခန်းမှာက စျေးရောင်းမရရင် ဘာနဲ့သွား စားရမလဲဗျာ။  ဆိုင်ခန်းထဲ ရေ၀င်တာမှန်ပေမယ့် ငှားတဲ့သူကလဲ ဆိုင်ခန်းဖွင့်တဲ့ ပစ္စည်းတွေ ဆုံးရှူံးရတာပါပဲ အဲ့တာ ကျန်တဲ့ပစ္စည်းလေးတွေ သွားပြန်ယူတာကိုတောင် ဆိုင်ခန်းထဲက နွံတွေပါ ရှင်းခိုင်းသေးတာ။ အခန်းပြန်အပ်တာကို တလကြိုမပြောလို့ဆိုပြီး (၁၀)လပိုင်းစာပါ ပေးရမယ်ဆိုပြီး အော်ကြီးဟစ်ကျယ်တွေပြောနေတာ လို့ ပေးလိုက်ရပါတယ်။ သူများအခန်းတွေ အခုလိုအချိန်မှာ လျော့ပေးနေတာတောင် အဲ့အခန်းပိုင်ရှင် အမျိုးသမီးကြီးက အခုလိုလုပ်တာတော့ မကောင်းဘူးဗျာ။"ဟု တာလော့ရပ်ကွက်အတွင်း ဆိုင်ခန်းငှာရမ်း နေထိုင်သူ တစ်ဦးက ပြောပြသည်။



တာချီလိတ်မြို့တွင် ငွေရရှိရေးအတွက်သာ ကြည့်သည့် အခန်းငှားပိုင်ရှင်များရှိသလို သဘာဝဘေးကြောင့် ကိုယ်ချင်းစာပြီး နေအိမ်အခန်းခ (၁)လစာမယူသူများနှင့် (၅၀)ရာခိုင်နှုန်းလျော့ယူသည့် အိမ်ရှင်များသည် ရေဘေးကြောင့် အခန်းငှားနေထိုင်သူများကို ဆန်၊ဆီနှင့် စားစရာများပင် ပြန်လည်ထောက်ပံ့သည်များ ရှိသည်ဟု သိရသည်။

"တာချီလိတ်မှာ တကယ်ကောင်းတဲ့ တကယ် စာနာ နားလည်ပေးတတ်တဲ့ အိမ်ပိုင်ရှင်တွေလည်းရှိပါတယ်။ အသိတွေရဲ့ အိမ်ပိုင်ရှင်ဆိုရင်လည်း စက်တင်ဘာလအတွင်း (၁)လစာလုံး မယူတာတို့ လစာရဲ့ (၅၀)ရာခိုင်နှုန်းပဲ ယူတာတို့ ရှိတယ်ဗျ။ အဲ့လို လျော့ပေးတဲ့အပြင် ဆန်၊ဆီ နဲ့ စားစရာပါ ထောက်ပံ့ကူညီပေးကြသေးတာ။ တာချီလိတ်မှာ တကြိမ်တခါမှ အခုလို မဖြစ်ဖူးကြဘူး။ အလုပ်အကိုင်တွေလည်း နားထားရသူတွေ အတော်များတာ။ အဲ့တော့ တင်းမာနေတဲ့ အိမ်ခန်းငှား ပိုင်ရှင်တွေလည်း ဒီကာလလေးတော့ စာနာ နားလည်ပေးသင့်ပါတယ်ဗျာ"ဟု ပုန်းထွန်ရပ်ကွက်အတွင်း ငှားရမ်းနေထိုင်သူ တစ်ဦးက ပြောသည်။

 

တာချီလိတ်မြို့တွင် ရေကြီးရေလျှံမှုကြောင့် ရွံံ့နွံများ ဖုံးလွှမ်းခံရသည့် နေရာများမှာ ပုန်းထွန်ရပ်ကွက် အနိိမ့်ပိုင်း၊ တာလော့ရပ်ကွက်၊ မေဖလားဝါးကွင်း၊ တိုးနယားကွင်း၊ မယ်ဆိုင်ခေါင်ရပ်ကွက် မြို့ပတ်လမ်းတလျောက်၊ ဆန်ဆိုင်းရပ်ကွက် စသည့်နေရာများပါဝင်သည်။

"ကျွန်တော်တို့ အပေါင်းသင်းတွေ နယ်ခံမဟုတ်ကြတာတောင် ဒီကာလမှာ တတ်နိုင်တဲ့ဘက်ကနေ ကယ်ဆယ်ရေးတွေထဲသွားပြီး ထမင်းထုတ်‌ဝေတာတွေကို ရေတွေစကြီးကတည်းက ကူနေကြတာ အိမ်ရှင်တွေ ဧည့်သည်တွေထားဦး လူလူချင်း ငှဲ့ပေးသင့်တာပါ"ဟု တာချီလိတ်သို့ လာရောက်ကာ အလုပ် လုပ်ကိုင်နေသူ တစ်ဦးက ဆိုသည်။



တာချီလိတ်မြို့တွင် ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၀)ရက်နေ့ကစပြီး (၁၂)ရက်နေ့အထိ ဖြစ်ပွားခဲ့သည့် အဆိုးရွားဆုံး ရေကြီးရေလျှံမှုကြောင့် ရွံ့နွံများ ဖုံးလွှမ်းပြီး လူသေဆုံးမှုအထိ ဖြစ်ပေါ်ခဲ့သလို ယနေ့ အောက်တိုဘာလ(၁)ရက်နေ့အထိ ရွှံ့နွံများကို ရှင်းလင်းနေရဆဲ ဖြစ်သည်။

နယ်စပ်ဒေသ တာချီလိတ်မြို့တွင် ကျားဖြန့်လုပ်ငန်း လုပ်ကိုင်ကြသည့် တရုတ်နိုင်ငံသားများရှိစဉ်က နေအိမ်အခန်းခများကို အိမ်ပိုင်ရှင်များက တစ တစ တိုးမြှင့်ကောက်ခံလာရာ ကျားဖြန့်လုပ်ကိုင်သည့် တရုတ်များ ဖမ်းခံရ၍ ကုန်သလောက်နီးပါး ဖြစ်နေသော်လည်း အိမ်ခန်းငှားခများကို ပြန်လည် လျှော့ချပေးလာခြင်းမရှိတော့ဘဲ ဆက်လက်၍ တိုးမြှင့်နေမြဲဖြစ်ကြောင်း သိရသည်။