မိုးဗြဲရေဆက်တက်နေပြီး အလှူရှင်မရှိ၍ စစ်ရှောင်များ နေအိမ်များကိုဖြိုကာ စစ်ရှောင်တဲများဆောက်နေရ

မိုးဗြဲရေဆက်တက်နေပြီး အလှူရှင်မရှိ၍ စစ်ရှောင်များ နေအိမ်များကိုဖြိုကာ စစ်ရှောင်တဲများဆောက်နေရ

ကရင်နီပြည်နယ် မိုးဗြဲမြို့ရေတက်နေသည်မှာ တစ်လဝန်းကျင်ကြာနေပြီဖြစ်ပြီး ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ (၃၀)ရက်နေ့တွင်လည်း ရေဆက်တက်နေကာ မြေနိမ့်ပိုင်းရှိနေအိမ်များ မြုပ်သွားနိုင်ကြောင်း ဒေသခံများထံမှ သိရသည်။

“အကူအညီပိုင်းမှာတော့ ဆန်၊ဆီ၊ဆားတွေ လာလှူတဲ့ ဒေသခံအလှူရှင်တွေရှိပေမယ့် နစ်မြုပ်သွားတဲ့ စစ်ရှောင်တဲတွေပြန်ဆောက်ဖို့ အမိုးအကာအလှူရှင်တွေမရှိတာကြောင့် တချို့စစ်ရှောင်တွေဆို ရေမြုပ်သွားတဲ့ နေအိမ်ကို ပြန်ဖြုတ်ပြီး တဲတွေပြန်ဆောက်ကြတာတွေရှိတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

လက်ရှိတွင် မိုးဗြဲ-လွိုင်ကော်ကားလမ်းရေမြုပ်နေပြီး မြို့တွင်း၌လည်း နေအိမ်(၁၀၀)ကျော်နှင့် စိုက်ခင်းဧက ထောင်ချီပြီး ရေနစ်မြုပ်နေကြောင်း သိရသည်။

လက်ရှိမိုးဗြဲမြို့တွင် ညောင်ဝိုင်းရပ်ကွက်နှင့် မြို့မရပ်ကွက်တို့ ရေနစ်မြုပ်နေပြီး မိုးဗြဲနှင့်နီးသည့် ပီကင်းကောခူ၊ ဝှါရီကောခူကျေးရွာနေအိမ်တချို့လည်း ရေကြီးမှုဒဏ်ကိုခံနေရကာ ဘီလူးချောင်းဘေးတွင်နေထိုင်ကြသည့် လူဦးရေ (၃၀၀၀)ဝန်းကျင်ရှိ စစ်ရှောင်စခန်း(၂)ခုလည်း ရွှေ့ပြောင်းထားရသည်ဟု သိရသည်။ 

“ရေဆက်တက်နေရင် လက်ရှိမြေနိမ့်ပိုင်းမှာရှိနေတဲ့ အိမ်တွေ တဖြည်းဖြည်းမြုပ်သွားနိုင်တယ်။ အခုချိန်ထိတော့ တစ်ရက်နည်းနည်း ရေတက်နေတယ်လို့တော့ပြောတယ်။ စစ်ရှောင်နေကြရသူတွေရဲ့ နေအိမ်တွေက စကစရဲ့ တပ်ဖြစ်တဲ့ ခမရ(၄၂၂)နဲ့နီးနေတော့ အချိန်မရွေး လက်နက်ကြီးတွေ Drone တွေ ချလာနိုင်တာမို့ နေအိမ်ကို ပြန်မနေရဲကြသေးဘူး။”ဟု ဒေသံတစ်ဦးက ပြောသည်။

မိုးဗြဲရေကြီးနေသည်မှာ တစ်လဝန်းကျင်ရှိနေပြီဖြစ်ပြီး ရေပြန်မကျသေးသဖြင့် ရွှေ့ပြောင်းနေထိုင်နေသည့် စစ်ရှောင်များအတွက် တဲများပြန်ဆောက်ရန် အမိုးအကာများ အရေးပေါ်လိုအပ်နေခြင်းကြောင့် လာရောက် လှူဒါန်းပေးကြရန်လည်း တိုက်တွန်းထားသည်။

#TachileikNewsAgency

Photo: CJ