ဂန့်ဂေါမြို့နယ်တွင် CDM ကျောင်းဆရာမ နေအိမ်အား လူ ၃၀ ခန့် အကြမ်းဖက် ဝင်ရောက် လုယက်ဖျက်ဆီး

ဂန့်ဂေါမြို့နယ်တွင် CDM ကျောင်းဆရာမ နေအိမ်အား လူ ၃၀ ခန့် အကြမ်းဖက် ဝင်ရောက် လုယက်ဖျက်ဆီး
စက်တင်ဘာ 29, 2024 | 2021 Military Coup| အခြားဒေသများ

မကွေးတိုင်း ဂန့်ဂေါမြို့နယ် မြောက်ပိုင်း မောက်ကျေးရွာရှိ CDM ကျောင်းဆရာမ နေအိမ်ကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၂၈)ရက်နေ့ ညပိုင်းတွင် ကျေးရွာအတွင်းမှ လူ(၃၀)ကျော်က ဖျက်ဆီးဝင်ရောက်ကာ ပစ္စည်းများ ယူဆောင်သွားကြောင်း ယောဒေသရဲ့ ပုံရိပ်အချို့ထံမှ သိရသည်။ 

CDM ကျောင်းဆရာမ နေအိမ်ဖြစ်သည့် လင်း ကွန်ပျူတာဆိုင်အား ခဲများဖြင့်ပစ်ပေါက်ကာ ဆိုင်အတွင်းသို့ ဖျက်ဆီးဝင်ရောက်ပြီး ဆိုင်အတွင်းမှ ဖုန်းအသစ်(၁၀)လုံးခန့်၊ Bluetooth Box အသစ် (၂၀)ခန့်နှင့် စျေးရောင်းရငွေများကိုယူသွားပြီး ည(၉)နာရီခန့်တွင် ပြန်ထွက်သွားကြကြောင်း သိရသည်။ 

ထို့ပြင် အိမ်အတွင်းထိပါ ဝင်ရောက်ပြီး ပြူတင်းပေါက်မှန်များအား ရိုက်ခွဲခဲ့ကာ Wifi စက်ကိုလည်း ခိုးယူသွားပြီး Wifi စက်၏ ဆက်စပ်ပစ္စည်းများကိုပါ ဖျက်ဆီးသွားကြောင်း သိရသည်။ 

ခြံဝင်းသံပန်းတခါးကို ဖျက်ဆီးဝင်ရောက်ခဲ့ပြီး အိမ်ရှေ့မျက်နှာစာ တံခါးများအား လောင်စာဆီများ လောင်းချကာ အိမ်ကိုပါ မီးရှို့ရန် ကြံစည်ခဲ့ကြကြောင်း သိရသည်။ 

အခင်းဖြစ်ပွားစဥ် ကျေးရွာအုပ်ချူပ်ရေး အဖွဲ့ဝင်များကို ဖုန်းဖြင့်ခေါ်ဆိုခဲ့သော်လည်း လာရောက်ဖြေရှင်းပေးခြင်းမရှိခဲ့သလို အခင်းဖြစ်ပွားပြီးချိန် အုပ်ချူပ်ရေးမှူးအိမ်သို့ သွားရောက်ခေါ်ဆောင်ခဲ့သော်လည်း လိုက်မလာဘဲ မနက်မိုးလင်းမှ ရှင်းပေးမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။ 

အခင်းမဖြစ်ပွားမီ မိနစ်ပိုင်းအလိုခန့်တွင် မောက်ကျေးရွာအား မီးဖြတ်တောက်လိုက်ပြီးနောက် လူ (၃၀)ခန့်က အုပ်စုလိုက် ဝင်ရောက်ကာဖျက်ဆီးခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: ယောဒေသရဲ့ ပုံရိပ်အချို့