တောင်ဒဂုံမြို့နယ် အမှတ်(၁၀၇)ရပ်ကွက်အုပ်ချုပ်ရေးမှူး ပစ်ခံရမှုနှင့် ပတ်သက်ပြီး Anonymous Force ၏ အဖွဲ့ခေါင်းဆောင် အပါအဝင် (၁၂)ဦး ဖမ်းခံရ

တောင်ဒဂုံမြို့နယ် အမှတ်(၁၀၇)ရပ်ကွက်အုပ်ချုပ်ရေးမှူး ပစ်ခံရမှုနှင့် ပတ်သက်ပြီး Anonymous Force ၏ အဖွဲ့ခေါင်းဆောင် အပါအဝင် (၁၂)ဦး ဖမ်းခံရ

ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်အတွင်း အမှတ်(၁၀၇)ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့ ပစ်ခတ်ခံရမှုနှင့် ပတ်သက်ပြီး Anonymous Force ၏ အဖွဲ့ခေါင်းဆောင် အပါအဝင် (၁၂)ဦး စစ်ကောင်စီ၏ ဖမ်ဆီးခြင်းကို ခံရသည့်အတွက် ၎င်းတို့နှင့် ပါဝင် ပတ်သက်သူများ အမြန်ဆုံး ရှောင်ကြရန် ရန်ကုန် လူမှုကွန်ယက်စာမျက်နှာကနေ အသိပေးထားသည်ကို တွေ့ရသည်။

စစ်ကောင်စီက သတင်းစာများတွင် သတင်းထုတ်ပြန်ထားသည့် ပုံဖြစ်သည်။



Anonymous Force ၏ အဖွဲ့ခေါင်းဆောင် ကိုရဲရင့်အောင် အပါအဝင် စုစုပေါင်း (၁၂)ဦးကို ဖမ်းဆီးရမိကြောင်း အာဏာသိမ်း စစ်ကောင်စီဘက်က ၂၀၂၄ခုနှစ် စက်တင်ဘာလ(၂၈)ရက်နေ့ ညပိုင်းက ထုတ်ပြန်ကြေညာလာပြီးနောက် ရန်ကုန်မြို့၏ တော်လှန်ရေးဘက်တော်သားများက ကျန်ရှိသူများ ဖမ်းဆီးမခံရရန် အမြန်ရှောင်နိုင်ရေးအတွက် လူမှုကွန်ရက်များကနေ အချင်းအချင်း အသိပေးနှိုးဆော်ထားကြခြင်း ဖြစ်သည်။

အမှတ်(၁၀၇)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကြည်ထွန်း နှင့် ရာအိမ်မှူး ဦးဆွေမြင့်အောင်ဆိုသူတို့သည် ၂၀၂၄ခုနှစ် စက်တင်ဘာလ(၂၀)ရက်နေ့ နံနက်ပိုင်းက ရပ်ကွက်ရုံးအတွင်းမှာပင် ပစ်ခတ်ရှင်းလင်းခံရခြင်း ဖြစ်သည်။

စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ယခုလို လုပ်ဆောင်သူများတွင် အမှတ်(၁၀၇)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၏ အုပ်ချုပ်ရေးမှူးဟောင်းနှင့် စာရေးဟောင်းများ ပါဝင်သည်ဟု ထုတ်ပြန်ထားသည်။



ယခုဖြစ်စဉ်တွင် အမှတ်(၁၀၇)ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း ဦးမြင့်ကျော် ပါဝင် ပတ်သက်နေသည့်အတွက် ပုဂ္ဂိုလ်ရေးအရ မကျေနပ်၍ လုပ်ဆောင်ခြင်းဖြစ်သည်ဟု စစ်ကြောရေးလုပ်ဆောင်သည့် စရဖ(စရတ)၏ အစီရင်ခံချက်ကို သတင်းထုတ်ပြန်ထားသည်။



 တကယ့် မြေပြင်အခြေအနေမှာ ပစ်ခတ်ရှင်းလင်းခံရပြီး သေဆုံးသွားသည့် အအမှတ်(၁၀၇)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကြည်ထွန်းသည် ရပ်ကွက်အတွင်း နာမည်ဆိုးထွက်နေပြီး ရပ်ကွက်နေပြည်သူများနှင့် အဆင်မပြေသူဖြစ်ကြောင်း နှင့် ပြည်သူ့စစ်မှုထမ်းရန် ကိစ္စနှင့် ပတ်သက်၍လည်း ငွေကြေးတောင်းခံ၍ မရသူများကို စစ်မှုထမ်းရန် စာရင်းထည့်သည်ဟု သတင်းဆိုးများ ထွက်ပေါ်နေသူဟု ဒေသခံများထံက သိရသည်။

သို့သော်လည်း စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပစ်ခတ်ရှင်းလင်းခံရခြင်းများသည် ပြည်သူများအပေါ် ရာထူးအာဏာကို အသုံးချပြီး ငွေညစ်ခြင်း၊ မတရားပြုခြင်းများကြောင့် မဟုတ်ဘဲ  ပုဂ္ဂိုလ်ရေးအရ မကျေနပ်၍ လုပ်ဆောင်ခြင်း ဖြစ်သည်ဟုသာ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားသည်။