မိုးဗြဲ-လွိုင်ကော်ကားလမ်းရေမြုပ်နေကာ စစ်ရှောင်များ တဲများပြန်ဆောက်ရန် အမိုးအကာများ အရေးပေါ်လိုနေသဖြင့် ကူညီပေးကြရန်တိုက်တွန်း 

မိုးဗြဲ-လွိုင်ကော်ကားလမ်းရေမြုပ်နေကာ စစ်ရှောင်များ တဲများပြန်ဆောက်ရန် အမိုးအကာများ အရေးပေါ်လိုနေသဖြင့် ကူညီပေးကြရန်တိုက်တွန်း 
စက်တင်ဘာ 28, 2024 | ကယား

ကရင်နီပြည်နယ် မိုးဗြဲ-လွိုင်ကော်ကားလမ်း မိုးဗြဲဆည်မှ ရေလွှတ်ခြင်းကြောင့် ဘီလူးချောင်းရေမြင့်တက်ကာ သွားလာမရတော့ဘဲ နေအိမ်(၁၀၀)ကျော်နှင့် စိုက်ခင်းဧကထောင်ချီပြီး ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ (၂၈)ရက်နေ့အထိ ရေနစ်မြုပ်နေကြောင်း သိရသည်။

ပြည်သူများ အသုံးပြုနေသည့် ကားလမ်းရေမြုပ်သွားပြီဖြစ်သဖြင့် သွားလာရေးအတွက် စက်လှေများ အဓိက လိုအပ်နေပြီး လက်ရှိအချိန်ထိ စက်လှေတစ်စီးရရှိရေးအတွက် အကူအညီတောင်းနေရဆဲဖြစ်သည်ဟု ဆိုသည်။

“ရေက တစ်ရက်သုံးလက်မကနေ ခြောက်လက်မအထက် မြင့်တက်နေတုန်းပါ။ မိုးဗြဲမှာတော့ အဓိကပြည်သူတွေ သွားလာနေတဲ့ လမ်းမကြီးဖြစ်တဲ့ မိုးဗြဲ-လွိုင်ကော်ကားလမ်းတော့ အခုရက်ပိုင်းက ကားတွေလုံးဝသွားလို့မရတော့ပါဘူး။ မြို့တွင်းနေအိမ်(၁၀၀)ကျော်ရေလွမ်းသွားသလို စိုက်ပျိုးဧကထောင်ချီ နစ်မြုပ်သွားတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

လက်ရှိမိုးဗြဲမြို့တွင် ညောင်ဝိုင်းရပ်ကွက်နှင့် မြို့မရပ်ကွက်တို့ ရေနစ်မြုပ်နေပြီး မိုးဗြဲနှင့်နီးသည့် ပီကင်းကောခူ၊ ဝှါရီကောခူကျေးရွာနေအိမ်တချို့လည်း ရေကြီးမှုဒဏ်ကိုခံနေရကာ ဘီလူးချောင်းဘေးတွင်နေထိုင်ကြသည့်  လူဦးရေ(၃၀၀၀)ဝန်းကျင်ရှိ စစ်ရှောင်စခန်း(၂)ခုလည်း ရွှေ့ပြောင်းနေရပြီဟု ဆိုသည်။

“လက်ရှိတော့ ရေမရောက်နိုင်တဲ့ နေရာတွေမှာ ဖြစ်သလို တဲထိုးနေထိုင်နေပြီး အကူအညီတွေ မျော်လင့်နေပါတယ်။ နယ်ခံအလှူရှင်တွေကသာ လာရောက်ကူညီတာရှိပြီး တစ်ခြားအကူအညီတွေမလာသေးပါဘူး။”ဟု ဒေသခံတစ်ဦးက ဆက်ပြောသည်။

မိုးဗြဲရေကြီးနေသည်မှာ တစ်လဝန်းကျင်ရှိနေပြီဖြစ်ပြီး ရေပြန်မကျသေးသဖြင့် ရွှေ့ပြောင်းနေထိုင်နေသည့် စစ်ရှောင်များအတွက် တဲများပြန်ဆောက်ရန် အမိုးအကာများ အရေးပေါ်လိုအပ်နေခြင်းကြောင့် လာရောက်လှူဒါန်းပေးကြရန် တိုက်တွန်းထားသည်။

#TachileikNewsAgency

Photo: CJ