ရေကြီးရေလျှံမှုကြောင့် ထိခိုက်ဆုံးရှုံးမှုများခဲ့သည့် တာချီလိတ်မြို့နယ်အတွင်း၌ လျှပ်စစ်မီးတိုင်ပေါင်း (၆၀)ကျော် ထိခိုက်ခဲ့ရသည့်အတွက် လျှပ်စစ်မီး မရရှိသေးသည့်နေရာများကို လျှပ်စစ်မီး အမြန်ဆုံး ရရှိရန် ကွင်းဆင်းဆောင်ရွက်နေကြောင်း တာချီလိတ်မြို့မီးလင်းရေးဦးဆောင်ကော်မတီ (လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း)က ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ (၂၈)ရက်နေ့တွင် အသိပေးထားရှိသည်။
ရေနှင့်ရွှံ့နွံဖုံးလွှမ်းခဲ့သည့် တာချီလိတ်မြို့ပေါ် ရပ်ကွက်များအနက် လွယ်တော်ခမ်းမှ ပုန်းထွန်၊ တလော့ နှင့် မေဖလားဝါးကွင်းအတွင်းတို့တွင် လျှပ်စစ်ဓါတ်တိုင်များ ကျိုးကျပြိုလဲမှုနှင့်အတူ လျှပ်စစ်မီးကြိုးများ ပျက်စီးခဲ့ရသည့်အတွက် မီးလင်းရေးက ယနေ့ စက်တင်ဘာလ (၂၈)ရက်နေ့အထိ လုပ်ဆောင်နေရဆဲဖြစ်သည်။
တာချီလိတ်မြို့တွင် ရေများကျသွားပြီဖြစ်သော်လည်း ပုန်းထွန်ရပ်ကွက်အတွင်းပိုင်းနှင့် တာလော့ရပ်ကွက်အတွင်းပိုင်း အပါအဝင် မေဖလားဝါးကွင်းအတွင်းတို့တွင် ရွှံ့နွံနှင့်အတူ ရေတင်ကျန်မှုများရှိနေသလို အပျက်အစီးများကြောင့် မီးလင်းရေးအနေဖြင့် ဝင်ရောက်သွားလာရန် အခက်အခဲဖြစ်နေသည့်အတွက် လျှပ်စစ်မီး ရရှိရေးမှာ ကြန့်ကြာနေရခြင်းဖြစ်ကြောင်းလည်း သိရသည်။
"ရေကျသွားချိန်ကစပြီး ရေသိသိသာသာ မဝင်တဲ့ မရောက်တဲ့ နေရာတွေကို မီးရအောင် အရင်လုပ်ပေးခဲ့ပါတယ်။ အဲ့ဒါတွေ ပြီးတော့ မြို့တွင်း ရပ်ကွက်တွေထဲက ဓါတ်တိုင်ကျိုးတဲ့နေရာတွေကို သွားလို့ရနိုင်သလောက် သွားပြီးတော့ မီးရအောင် ကျွန်တော်တို့ အမြန်ဆုံး လုပ်ဆောင်ခဲ့ကြပါတယ်။ အခုလက်ရှိ ပုန်းထွန်၊ တာလော့ နဲ့ မေဖလားဝါးကွင်းဘက်တွေကတော့ ပြီးခဲ့တဲ့ ရက်တွေတုန်းက သွားလာလို့ အဆင်မပြေသေးပါဘူး။ အခုတော့ ဝင်လို့ရနိုင်တဲ့အထိ ဝင်ရောက်ပြီး လုပ်ဆောင်သွားမှာပါ။ မီးရရှိရေးအတွက်ကတော့ အပျက်အစီးတွေ ရွှံ့နွံတွေကို သက်ဆိုင်ရာက အမြန်ဆုံးရှင်းလင်းနိုင်ရင်တော့ လျှပ်စစ်မီးပြန်လည်ရရှိရေးအတွက် လုပ်ဆောင်ရာမှာ ပိုအဆင်ပြေစေပါတယ်"ဟု မြို့မီးလင်းရေးမှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency သို့ ပြောသည်။
မြို့မီးလင်းရေးအနေဖြင့် လျှပ်စစ်မီးရရှိရေးအတွက် နေ့ရောညပါ လုပ်ဆောင်နေလျှက်ရှိသည့်အတွက် လျှပ်စစ်မီးမရရှိသေးသည့် နေရာများအနေဖြင့် ဆက်လက် သည်းခံစောင့်ဆိုင်းပေးရန်လည်း မေတ္တာရပ်ခံထားရှိသည်။
တာချီလိတ်မြို့တွင် ၂၀၂၄ခုနှစ် စက်တင်ဘာလ (၁၀)ရက်နေ့ကစပြီး စက်တင်ဘာလ (၁၂)ရက်နေ့အထိ ရေများ တဟုန်ထိုး လွှမ်းမိုးခဲ့ပြီးနောက် စက်တင်ဘာလ (၁၃)ရက်နေ့စပြီး ရေများ အနည်းငယ်စီပြန်လည်ကျသွားပြီးနောက် တင်ကျန်ခဲ့သည့် ရွှံ့နွံများမှာ ယနေ့ စက်တင်ဘာလ (၂၈)ရက်နေ့အထိ ရှင်းလင်းနေရဆဲဖြစ်သည်။
တာချီလိတ်မြို့၏ ရေကြီးရေလျှံမှုကာလအတွင်း လျှပ်စစ်မီး ပြတ်တောက်ခဲ့ရသလို ရေပေးဝေရေးလုပ်ငန်းကလည်း ရေပြတ်တောက်ခဲ့ရသည်။
တာချီလိတ်မြို့မီးလင်းရေးဦးဆောင်ကော်မတီ(လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း)ကို ဒေသအုပ်ချုပ်ရေးဆိုင်ရာများဖြင့် ဖွဲ့စည်းဆောင်ရွက်လာခဲ့ရာမှ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၀)ရက်နေ့မှစပြီး ဌာနဆိုင်ရာများ မပါဝင်ဘဲ မြို့မိမြိုဖ မြို့လူထုသာပါဝင်သည့် ကော်မတီအဖြစ် NLD အစိုးရလက်ထက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ အသစ်ပြန်လည်ဖွဲ့စည်းလာခြင်းဖြစ်သည်။
တာချီလိတ်မြို့မီးလင်းရေးဦးဆောင်ကော်မတီ(လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း)သည် လျှပ်စစ်မီးကို တဖက်နိုင်ငံကနေ ဝယ်ယူကာ မြို့လူထုသို့ တစ်ဆင့်ပြန်လည် ရောင်းချပြီး ရရှိသည့် အမြတ်ငွေဖြင့် မီးလင်းရေးကော်မတီလုပ်ငန်းလည်ပတ်ခြင်းနှင့် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေသို့ ထည့်သွင်း အသုံးပြုရခြင်းဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency
Photo: မြို့မီးလင်းရေး