ရေဘေး ပြန်လည်ထူထောင်ရေးကို အမြန်ဆုံးလုပ်ဆောင်နိုင်ရန်အတွက် ငြိမ်းချမ်းရေးလမ်းကို လျှောက်လှမ်းဖို့ မေတ္တာရပ်ခံရခြင်းဖြစ်ကြောင်း ဇော်မင်းထွန်း ပြောကြား

ရေဘေး ပြန်လည်ထူထောင်ရေးကို အမြန်ဆုံးလုပ်ဆောင်နိုင်ရန်အတွက် ငြိမ်းချမ်းရေးလမ်းကို လျှောက်လှမ်းဖို့ မေတ္တာရပ်ခံရခြင်းဖြစ်ကြောင်း ဇော်မင်းထွန်း ပြောကြား

တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်တိုင်းရှုံးနေသည့် စစ်ကောင်စီသည် ပြီးခဲ့သည့်ရက်က ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး ရေကြီးရေလျှံမှုကြောင့် ပြန်လည်ထူထောင်ရေးကို အမြန်ဆုံးလုပ်ဆောင်နိုင်ရန်အတွက် ငြိမ်းချမ်းရေးလမ်းကို လျှောက်လှမ်းဖို့ မေတ္တာရပ်ခံရခြင်းဖြစ်ကြောင်း စစ်ကောင်စီ၏ သတင်းမှန်ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားလာသည်။

"ဒီနေ့ ကျွန်တော်တို့နိုင်ငံရဲ့ ဒေသတော်တော်များများမှာ မိုးနှောင်းကာလ ရေကြီးရေလျှံမှုဒဏ်တွေ၊ သဘာဝဘေးဒဏ် ခံခဲ့ရပါတယ်။ နှစ် ၅၀/၁၀၀ အတွင်းမှာ အဆိုးရွားဆုံးဖြစ်စဉ်ပါပဲ။ ဒီအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ တော်တော်ပြင်းပြင်းထန်ထန်ကို ကျွန်တော်တို့ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေကို အလျင်အမြန်ဆောင်ရွက်နိုင်ဖို့၊ တည်ငြိမ်အေးချမ်းဖို့လိုပါတယ်။ ပြည်သူတွေ အပေါ်မှာ တစ်ပူပေါ် နှစ်ပူအဆင့်မခံစေချင်ပါဘူး။ ဒါ့ကြောင့် ပြည်သူလူထုအပေါ် စာနာထောက်ထားပြီး ငြိမ်းချမ်းရေးလမ်းကို လျှောက်လှမ်းဖို့ မေတ္တာရပ်ခံရခြင်းဖြစ်ပါတယ်။"ဟု စစ်ကောင်စီ၏ သတင်းမှန်ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း က ပြောကြားခြင်း ဖြစ်သည်။

 

တည်ငြိမ်အေးချမ်းဖို့ လိုသည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောနေသော်လည်း လက်တွေ့တွင် ၎င်းတို့၏ စစ်ကောင်စီတပ်က နိုင်ငံအတွင်း ရေကြီးရေလျှံမှုကြောင့် ပိတ်မိနေသည့် ပြည်သူများကို ထိုင်းနိုင်ငံကဲ့သို့ ကယ်တယ်ခြင်းမရှိဘဲ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း လားရှိုး၊ သီပေါ နှင့် သိန္နီ စသည့် မြို့ပေါ်များကို လေကြောင်းမှ စက်တက်ဘာလ (၂၇)ရက်နေ့အထိ ညစဉ် အလှည့်ကျ ဗုံးကြဲတိုက်ခိုက်နေလျက်ရှိသည်။

စစ်ကောင်စီဘက်က "နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းရန် ကမ်းလှမ်းဖိတ်ခေါ်ခြင်း"ခေါင်းစဉ်ဖြင့် ထုတ်ပြန်ချက်ကို ၂၀၂၄ခုနှစ် စက်တင်ဘာလ(၂၆)ရက်နေ့က ထုတ်ပြန်လာပြီးနောက် အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီ၏ သတင်းမှန်ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက စက်တင်ဘာလ (၂၇)ရက်နေ့တွင် ယခုလို ရှင်းလင်းပြောကြားလာခြင်း ဖြစ်သည်။

၎င်း၏ ရှင်းလင်းပြောကြားချက်ထဲတွင် ရေကြီးရေလျှံကြောင့် ပြန်လည်ထူထောင်ရေးကိစ္စ အပါအဝင် ၎င်းတို့ လုပ်ဆောင်မည့် ရွေးကောက်ပွဲတွင်လည်း ပြည်သူများ မဲပေးနိုင်ရေးပါ ထည့်သွင်းပြောကြားသွားသည်။

ယင်းအပြင် "တပ်မတော် အနေနဲ့ နိုင်ငံတော်တာဝန်ကို ရယူထမ်းဆောင်ခဲ့ရချိန်ကစပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့ပါတယ်။"ဟု ပြောထားသော်လည်း လက်တွေ့တွင် နိုင်ငံ့အာဏာကို သိမ်းယူထားပြီးနောက်ပိုင်းမှာ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များစွာ ပေါ်ပေါက်လာနေပြီး ဒေသအသီးသီးတွင်လည်း တိုက်ပွဲများမှာ နေ့စဉ် ရက်ဆက်ဖြစ်ပွားနေသလို ကျေးလက်ဒေသများတွင် ပြည်သူများ၏ နေအိမ်များလည်း စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကို ခံနေကြရသည်။

#TachileikNewsAgency