ကရင်နီပြည်နယ် လွိုင်ကော်မြို့ ရေဆက်တက်နေပြီး ရပ်ကွက်နှင့် ကျေးရွာတချို့ အိမ်မမြင်ရတော့သည်အထိ ရေမြုပ်သွားပြီဖြစ်ပြီး အကူအညီများစွာလိုနေကာ အလှူရှင်များထိရောက်စွာ ကူညီလှူဒါန်းပေးရန် ကူညီကယ်ဆယ်ရေးလုပ်နေသူများထံမှ သိရသည်။
လွိုင်ကော်မြို့တွင် ဘီလူးချောင်းရေသည် စက်တင်ဘာလ (၁၅)ရက်နေ့မှစတင်ကာ မြင့်တက်နေရာ ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ (၂၇)ရက်နေ့အထိ ဆက်လက်မြင့်တက်နေဆဲဖြစ်ပြီး ဖုန်းလိုင်းများလည်းပြတ်တောက်နေပြီဟု သိရသည်။
“ရေကဆက်တက်နေတော့ ကားနဲ့ မြို့တွင်းမှာပဲ တောင်ပိုင်းကနေ မြောက်ပိုင်းကို ကားနဲ့သွားလို့မရတော့ဘူး။ ဖုန်းလိုင်းကလည်း MEC ကဒ်တစ်မျိုးဘဲသုံးလို့ရတော့တယ်။ နန်းကွဒ်ဖက်ဆို အိမ်တွေတောင်မမြင်ရတော့ဘူး။”ဟု ကူညီကယ်ဆယ်ရေး လုပ်ပေးနေသူတစ်ဦးက Tachileik News Agency ကိုပြောသည်။
လက်ရှိတွင် မြို့ပေါ်ရပ်ကွက်များဖြစ်သည့် ချိကယ်အပေါ်ဖက်၊ ကြည်သာယာ၊ လောဓမ တို့တွင် ရေအနည်းငယ်ဝင်ရောက်နေပြီး ဒေါတမ၊ ဧက ၅၀၀၊ နမ့်ဘော်ဝမ်နှင့် နောင်ယားရပ်ကွက်တို့တွင် ရေဝင်ရောက်မှုမရှိသေးကြောင်း သိရသည်။
“ရေမြုပ်နေတဲ့ရပ်ကွက်တွေကိုသွားဖို့ စက်လှေပဲရမယ်။ စက်လှေကလည်း (၅)စီးမှာ (၃)စီးပဲစက်ရှိတော့ (၃)စီးပဲ သုံးလို့ရသလိုဖြစ်နေတယ်။ ကယ်ဆယ်ရေး စက်လှေတွေ ထပ်လိုအပ်တယ်။ အလှူရှင်တွေ လာကြပေမယ့် မရတဲ့သူတွေက ပိုများနေတယ်။ အလှူရှင်ကြီးတွေ လာလှူတယ်ဆိုရင် အောက်ခြေထိရောက်အောင်လှူပေးစေချင်ပါတယ်။ အပြင်မှာ ကိုယ့်အစီအစဥ်နဲ့ နေတဲ့သူတွေ ရေမြုပ်နေပေမယ့် နေအိမ်အပေါ်ထပ်မှာ နေတဲ့သူတွေက မရတာများတယ် တကယ်တမ်းသူတို့လည်း အကူအညီလိုအပ်နေတယ်။”ဟု ကယ်ဆယ်ရေးဆောင်ရွက်နေသူတစ်ဦးက ပြောသည်။
လက်ရှိတွင် လွိုင်ကော်မြို့၌ ရေဘေးသင့်ပြည်သူများကို သာသနာ့ဗိမ္မာန်၊ ဥတ္တရာရုံဘုန်းကြီးကျောင်းနှင့် ကျောင်းထိုင်ဘုန်းကြီးကျောင်းတို့တွင် နေထိုင်ခွင့်ပေးထားကြောင်း သိရသည်။
#TachileikNewsAgency
Photo: CJ