မိုင်းပျဉ်းမြို့နယ်အတွင်း RCSS နှင့် ဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကောင်စီနှင့်လားဟူပြည်သူ့စစ်တို့ ဘက်က (၅)ဦးသေပြီး အရှင်(၃)ဦး ဖမ်းခံရ

မိုင်းပျဉ်းမြို့နယ်အတွင်း RCSS နှင့် ဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကောင်စီနှင့်လားဟူပြည်သူ့စစ်တို့ ဘက်က (၅)ဦးသေပြီး အရှင်(၃)ဦး ဖမ်းခံရ

 ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ မိုင်းပျဉ်းမြို့နယ်အတွင်း  အာဏာသိမ်းစစ်ကောင်စီတပ် နှင့် လားဟူပြည်သူ့စစ် ပါဝင်သည့်  ပူးပေါင်းအဖွဲ့နှင့် RCSS တို့ ထိပ်တိုက်တွေ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီ ပူးပေါင်းအဖွဲ့ဘက်က (၅)ဦးသေပြီး လားဟူပြည်သူ့စစ် (၃)ဦးကို RCSS ဘက်က အရှင်ဖမ်းမိလိုက်ကြောင်း သိရသည်။



"တိုက်ပွဲဖြစ်တဲ့နေ့မှာ စကစတပ်သား (၁)ယောက် သေတယ်။ လားဟူပြည်သူ့စစ်  (၄)ဦး သေတယ်။ နောက်ပြီး လားဟူပြည်သူ့စစ် (၃)ဦးကို RCSS ဘက်က အရှင် ဖမ်းမိ လိုက်တယ်။ RCSS ဘက်ကတော့ အထိအခိုက် အကျအဆုံး မရှိဘူး။  လတ်တလော အခြေအနေကတော့ နှစ်ဖက်စလုံး အင်အားဖြည့်ထားပြီး စောင့်ကြည့်နေတဲ့ သဘောတွေရှိနေတယ်"ဟု Tachileik News Agency ၏ သတင်းရင်းမြစ် တစ်ဦးက ပြောပြသည်။

စစ်ကောင်စီတပ်နှင့်လားဟူပြည်သူ့စစ်အဖွဲ့ဘက်က သေဆုံးသွားသူများ၏ အလောင်းများကို  ချက်ချင်းပြန်လည် သယ်ဆောင်နိုင်ခြင်းမရှိဘဲ တိုက်ပွဲပြီးမှ ပြန်လည်လာရောက် သယ်ဆောင်ရသည်ဟုလည်း သိရသည်။

အရှင်ဖမ်းမိသည့် လားဟူပြည်သူ့စစ်(၃)ဦးထဲတွင် လားဟူပြည်သူ့စစ်ခေါင်းဆောင် ဦးအီးရှာမွေ၏ အငယ်ဆုံးသား ပါသွားသည့်အတွက် ပြန်လွှတ်ပေးရန် RCSS နှင့် ညှိနှိုင်းပြီးနောက် RCSS ဘက်က ဖမ်းမိသည့် (၃)ဦးကို ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ(၂၁)ရက်နေ့တွင် ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

လားဟူပြည်သူ့စစ်ခေါင်းဆောင် ဦးအီးရှာမွေသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်ဖြစ်သလို မိုင်းပျဉ်းမြို့နယ်၏ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း တစ်ဦးလည်း ဖြစ်သည်။

ထိတွေ့တိုက်ပွဲသည်   မိုင်းပျဉ်းမြို့နယ် ယမ်းခမ်းကျေးရွာအုပ်စုအတွင်း နားညောင်ကျေးရွာအနီး ကြောင်ကျိန်ကျေးရွာ ဧရိယာတွင် ၂၀၂၄ခုနှစ် စက်တင်ဘာလ (၁၉)ရက်နေ့ နံနက်(၁၁)နာရီ ဝန်းကျင်အချိန်က စပြီး နာရီဝက် နီးပါးကြာ  ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲဖြစ်ပွားရာ ကျေးရွာအနီးတဝိုက်မှ ဒေသခံအချို့မှာ စစ်ကောင်စီတပ်အနေဖြင့် အခြားဒေသတွေလို လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်လာမည်ကို ကြောက်၍ လွတ်ရာနေရာသို့ ကြိုတင် တိမ်းရှောင်နေကြကြောင်းလည်း သိရသည်။

ထိတွေ့တိုက်ပွဲတွင် စစ်ကြောင်းကို စစ်ကောင်စီတပ်က ဦးဆောင်ခြင်း ဖြစ်သော်လည်း လားဟူပြည်သူ့စစ်များကို ဦးမောင်တိုး နှင့် ဦးမောင်အေး ခေါ် ပါအဲ ဆိုသူတို့က ဦးဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။

လားဟူပြည်သူ့စစ်များကို ယခုတိုက်ပွဲအတွင်း ဦးဆောင်သည့် နှစ်ဦးအနက် ဦးမောင်တိုး ဆိုသူမှာ အဓိကဖြစ်ပြီး ၎င်းသည် စစ်တပ်ကနေ အငြိမ်းစားယူပြီးနောက်   လားဟူပြည်သူ့စစ်ထဲ ဝင်ရောက်ကာ လက်နက်နှင့်ပြည်သူ့စစ် အရှိန်အဝါကို အသုံးပြုပြီး နည်းအမျိုးမျိုးဖြင့် ခြိမ်းခြောက်ငွေညစ်နေသူ တစ်ဦးဖြစ်၍ ဒေသအတွင်း၌ နာမည်ဆိုးဖြင့် လူသိများနေသူ ဖြစ်ကြောင်းလည်း သိရသည်။ 

"ဦးမောင်တိုးက စစ်တပ်ကထွက်ပြီးနောက် လားဟူပြည်သူ့စစ် ဝင်လုပ်တာ။ ပြည်သူကို ခြိမ်းခြောက် ငွေညှစ်တာလည်း ဦးမောင်တိုးပဲ။ နည်းအမျိုးမျိုးနဲ့ ခြိမ်းခြောက် ငွေညစ်တာ။  နည်းအမျိုးမျိုးနဲ့ ဒေသခံတွေကို ဒုက္ခပေးနေတာကြာပြီ။"ဟု ဒေသခံ တစ်ဦးက ပြောသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း၌ စစ်ကောင်စီတပ်လက်အောက်ခံ လားဟူပြည်သူ့စစ်အဖွဲ့များစွာရှိပြီး အရန် နှင့် အမာခံအင်အားတွင် အရန်အင်အားက အမာခံထက် ပိုမိုများပြားကြောင်းနှင့် ပြည်သူ့စစ်အဖွဲ့များစွာတွင် အမည်အမျိုးမျိုးဖြင့် လားဟူပြည်သူ့စစ် အဖွဲ့များက ပိုမိုများပြားသည်။ 

မိုင်းပျဉ်းမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားရသည့် အကြောင်းအရင်းကို မသိရသော်လည်း အာဏာသိမ်းစစ်ကောင်စီတပ် နှင့် လားဟူပြည်သူ့စစ် ပါဝင်သည့်  ပူးပေါင်းအဖွဲ့ အရင်ဆုံး လာရောက် တိုက်ခိုက်ခြင်းဖြစ်ကြောင်း RCSS ဘက်က ဆိုထားသည်။

RCSS/SSA ၏ တပ်ဖွဲ့ဝင်အင်အားမှာ အာဏာသိမ်းစစ်ကောင်စီက ပြည်သူ့စစ်မှုထမ်း ဥပဒေကိုပြဌာန်းပြီး စစ်မှူထမ်းရန်ခေါ်လိုက်သည်နှင့် တပြိုက်နက် RCSS/SSA တွင်လည်း တပ်သားသစ်အင်အားမှာ အဆမတန်တိုးပွားလာကြောင်း သိရသည်။ 

 

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော်( RCSS/SSA ) သည် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ တစ်ဖွဲ့ဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင်လည်း စစ်ကောင်စီနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဆက်လက်တက်ရောက်နေသည့် အဖွဲ့တစ်ဖွဲ့ဖြစ်သည်။