၁၀ ကြိမ်မြောက် ကယားရိုးရာ စုပေါင်း အဲ့ဒိုပေါ်မီပွဲ ကျင်းပ

၁၀ ကြိမ်မြောက် ကယားရိုးရာ စုပေါင်း အဲ့ဒိုပေါ်မီပွဲ ကျင်းပ
စက်တင်ဘာ 20, 2024 | ကယား

(၁၀)ကြိမ်မြောက် ကယားရိုးရာ စုပေါင်းအဲ့ဒိုပေါ်မီ အစီအစဥ်ကို ကရင်နီပြည် တစ်နေရာ၌ ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၁၈)ရက်နေ့နှင့် (၁၉)ရက်နေ့တို့တွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။ 

အဆိုပါပွဲကို ဒေသအသီးသီးမှ ကယားလူမျိုး​ခေါင်းဆောင်များ၊ ကယားစာပေနှင့် ယဥ်ကျေးမှုကော်မတီ ကိုယ်စားလှယ်များ၊ ကယားလီဖုလူငယ် ကိုယ်စားလှယ်များ၊ ကေ့/အီလူးဗျာစယ် ကိုယ်စားလှယ်များ၊ ဘာသာရေးခေါင်းဆောင်များနှင့် ဒေသခေါင်းဆောင်အသီးသီးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဲ့ဒိုပေါ်မီပွဲတော်ကို ဒီးကူပွဲဟုလည်းခေါ်ဆိုပြီး ကွန်လွန်ပြီးသည့် မိဘဆွေမျိုးများကို အောက်မေ့သတိရသည့်အနေဖြင့် ကွယ်လွန်ပြီးသော မိဘဆွေမျိုးများနှင့် သက်ရှိထင်ရှားရှိသည့် မိဘဆွေမျိုးများအတွက် ကောင်းမှုပြုလုပ်ခြင်းဟူ၍လည်းကောင်း၊ “ပေါ်မီ” သည် မကောင်းဆိုးဝါးများနှင့် ကျူးကျော်လာသည့် ရန်သူများကို မောင်းထုတ်ခြင်းဟူ၍လည်းကောင်း အဓိပ္ပာယ်ဖွင့်ဆိုနိုင်ကြောင်းသိရသည်။ 

“ဒီးကူ”ကို မြန်မာဘာသာသို့ ဆီလျော်အောင် ဘာသာပြန်ဆိုရမည်ဆိုပါက “ဒီး” ဟူသည် ထမင်း/ကောက် ညှင်းဟူ၍ လည်းကောင်း၊ “ကူ”ဟူသည် ထုပ်ပိုးသည်၊ “ဒီးကူ”ရွက်ဟူ၍လည်းကောင်း၊ တစ်နည်းအားဖြင့် “ထုပ်ပိုးထားသည့် ကောက်ညှင်းထုပ်”ဟု အနီးစပ်ဆုံး အဓိပ္ပာယ်ဖွင့်ဆိုနိုင်သည်။

#TachileikNewsAgency

Photo: Kayah Liphu Youth