အင်းလေးဒေသ ၉၀ ရာခိုင်နှုန်း နေအိမ်များနစ်မြုပ်နေဆဲ

အင်းလေးဒေသ ၉၀ ရာခိုင်နှုန်း နေအိမ်များနစ်မြုပ်နေဆဲ
စက်တင်ဘာ 17, 2024 | ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးဒေသ၏ ၉၀ ရာခိုင်နှုန်း နေအိမ်များ ရေနစ်မြုပ်နေပြီး ယနေ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၁၇)ရက်နေ့အထိ ရေပြန်မကျသေးကြောင်း ကူညီပေးနေသူများထံမှ သိရသည်။

ရေပြန်မကျသေးသည့် အင်းလေးဒေသတွင် ဒေသခံများ စားနပ်ရိက္ခာ၊ သောက်သုံးရေ၊ အသုံးအဆောင်၊ စက်သုံးဆီနှင့် ဆေးဝါးများ လိုအပ်နေကြောင်း သိရသည်။

"အင်းထဲအခြေအနေက ရေမကျသေးပါဘူးဗျ။ ညောင်ရွှေဆိုင်းဘုတ်ကနေစပြီး ရေတက်နေတော့ သွားမရတော့ဘူးဗျ။ အင်းထဲမှာက အစားအစာ အဓိက ပြတ်လပ်နေပါတယ်။ ကိုယ့်အစီစဥ်နဲ့ကိုယ် ရွာအတွက် စုဝယ်ချက်နေရတဲ့ရွာတွေများတယ်။"ဟု ကူညီပေးနေသူတစ်ဦးက Tachileik News Agency ကိုပြောသည်။ 

လာရောက်လှူဒါန်းသူများမှာ အနီးဝန်းကျင်မြို့များကသာ တနိုင်တပိုင် လာရောက်လှူဒါန်းခြင်းကြောင့် တစ်ရက်စာ၊ နှစ်ရက်စာရရှိကြပြီး ပြည်မဘက်က လာရောက်လှူဒါန်းသည့်အဖွဲ့မှာ မရှိသလောက်ဖြစ်သည်ဟု သိရသည်။

"အင်းသားတွေဆိုတော့ ပြန်လည်ထူထောင်ရေးအတွက် ထွေထူးမလိုပေမဲ့ လက်ရှိ စားဖို့မရှိကြတာက ပြဿနာပဲ။ ဘုန်းကြီးကျောင်းတွေ တက်နေကြရတယ်။ မန်းကျည်းပင်ရွာကဒေသခံတွေဆို ဘုန်းကြီးကျောင်းမဆံ့လို့ တောင်ခြေမှာ တဲထိုးနေနေကြရတာ။"ဟု ၎င်းက ဆက်ပြောသည်။ 

ဒေသခံများမှာ ဆန်နှင့် ရိက္ခာခြောက်၊ ဆေးဝါးလိုအပ်နေပြီး ဝမ်းပျက်ရောဂါ၊ ချောင်းဆိုး၊ ယားနာ စသည်တို့ဖြစ်ပွားနေသည်ဟု သိရသည်။

အင်းလေးကန်ထဲသို့ ဟဲဟိုး ၊ ရွှေညောင်နှင့် ညောင်ရွှေတို့မှ စီးဆင်းလာသည့် မိုးရေခံချောင်း (၁၂) ချောင်းရှိပြီး ၊ ရေထွက်ပေါက်အနေဖြင့် မိုးဗြဲဆည်ဘက်သို့ ရေထွက်ပေါက် တစ်ခုသာရှိသည့်အတွက် အင်းလေးဒေသတွင် ရေကြီးပါက တခြားဒေသနှင့်မတူဘဲ ရက်ပိုင်းအတွင်း ရေပြန်မကျဘဲ လနှင့်ချီအောင် ကြာမြင့်တတ်သည့်အတွက် ဒေသခံများ နေထိုင်စားသောက်ရေး စိုးရိမ်ပူပန်နေရကြောင်း သိရသည်။

#TachileikNewsAgency

Photo: CJ