ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးဒေသအတွင်း ရေကြီးမှုနှင့်အတူ ဆက်သွယ်ရေးလိုင်းများမှာ ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၇)ရက်နေ့အထိ ပြတ်တောက်နေဆဲဖြစ်ပြီး အစားအသောက်နှင့် သောက်သုံးရေ အခက်အခဲများ ကြုံတွေ့နေရကြောင်း ဒေသခံများနှင့် ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနေသူများထံမှ သိရသည်။
အင်းလေးဒေသတွင် စက်တင်ဘာလ ( ၁၂ ) ရက်နေ့မှ စတင်ပြီး ရုတ်တရက် ရေကြီးမှု အန္တရာယ်ဖြင့် ကြုံတွေ့ခဲ့ရကာ ကျေးရွာပေါင်း ( ၄၄၅ ) ရွာတွင် ကျေးရွာ ( ၁၇၁ ) ရွာခန့် ရေနစ်မြုပ်နေကြောင်း သိရသည်။
“ အင်းလေးတကျောလုံး ရေမြုပ်နေပါတယ်ဗျ ၊ ရေအလယ်ဘက်ရွာတွေက ပိုမြုပ်ပါတယ် ။ ရွာတိုင်းတစ်ထပ်အိမ် အကုန်နီးပါး မြုပ်တယ်ဗျ ၊ တချို့ဆို ခေါင်မိုးပဲကျန်တယ် ။ တချို့ရွာတွေတော့ လုံး၀ အဆက်အသွယ် မရကြသေးဘူး ၊ ဘယ်လိုအခြေအနေ ရောက်နေလည်း မသိရသေးဘူး ။” ဟု အင်းလေး ဒေသခံတဦးမှ Tachileik News Agency သို့ ပြောသည်။
လက်ရှိအချိန်တွင် ရေမြုပ်နေသည့် အိမ်များ ဘုန်းကြီးကျောင်းများတွင် စုစည်းနေထိုင်ကြပြီး ၊ တချို့ကလည်း ( ၂ ) ထပ်အိမ်အပေါ်တွင် မိသားစု ( ၃ ) စု ( ၄ ) စု စုစည်းနေထိုင်ကြရကြောင်း သိရသည်။
“ ရေကြီးနေတော့ အလုပ်အကိုင်မရှိတော့ အစားအသောက်နဲ့ သောက်ရေခက်ခဲနေပါတယ် ၊ လျှပ်စစ်မီးလည်း မရပါဘူး ၊ ဖုန်းလိုင်းလည်း မရပါဘူး ။ ခုလောလောဆယ်တော့ လှုဒါန်းတဲ့သူတချို့တွေ့တယ်ဗျ ။ အစားအသောက် ၊ ရေ ၊ ထင်း လှုဒါန်းကြတာတွေ့တယ်” ဟု အင်းလေး ဒေသခံတဦးမှ Tachileik News Agency သို့ ပြောသည်။
အင်းလေးဒေသအတွင်း နှစ်ပေါင်း ( ၂၀ ) အတွင်း အကြီးမားဆုံး ရေနစ်မြုပ်သည့် ဒဏ်ကို ခံစားနေရခြင်းဖြစ်ပြီး ၊ ရုတ်တရက်ရေကြီးမှုကြောင့် လူထိခိုက်သေဆုံးမှုများလည်း ရှိနိုင်ကြောင်း ဒေသခံများထံမှ သိရသည်။
“ နန်းပန်ဘက်ကတော့ လူထိခိုက်သေဆုံး မကြားဘူးဗျ ၊ အင်းတိန်ဘက်တော့ ရေစီးလည်းကြမ်းတဲ့အတွက် လူသေဆုံးမှုရှိတယ်တဲ့ဗျ” ဟု အင်းလေးဒေသခံတဦးမှ Tachileik News Agency သို့ ပြောသည်။
အင်းလေးကန်ထဲသို့ ဟဲဟိုး ၊ ရွှေညောင်နှင့် ညောင်ရွှေတို့မှ စီးဆင်းလာသည့် မိုးရေခံချောင်း ( ၁၂ ) ချောင်းရှိပြီး ၊ ရေထွက်ပေါက်အနေဖြင့် မိုးဗြဲဆည်ဘက်သို့ ရေထွက်ပေါက် တစ်ခုသာရှိသည့်အတွက် အင်းလေးဒေသတွင် ရေကြီးပါက တခြားဒေသနှင့်မတူဘဲ ရက်ပိုင်းအတွင်း ရေပြန်မကျဘဲ လနှင့်ချီအောင် ကြာမြင့်တတ်သည့်အတွက် ဒေသခံများ နေထိုင်စားသောက်ရေး စိုးရိမ်ပူပန်နေရကြောင်း သိရသည်။