တာချီလိတ်မြို့ လွယ်တော်ခမ်းအတွင်းရှိ သာသနာ့ဂုဏ်ရည်ဓမ္မာစရိယကျောင်းတိုက် အပါအဝင် ဘုန်းကြီးကျောင်းများတွင် ရေဘေးသင့်ပြည်သူများကို လက်ခံပေးထား၍ အလှူရှင်များ လိုအပ်နေ

တာချီလိတ်မြို့ လွယ်တော်ခမ်းအတွင်းရှိ သာသနာ့ဂုဏ်ရည်ဓမ္မာစရိယကျောင်းတိုက် အပါအဝင် ဘုန်းကြီးကျောင်းများတွင် ရေဘေးသင့်ပြည်သူများကို လက်ခံပေးထား၍ အလှူရှင်များ လိုအပ်နေ
စက်တင်ဘာ 15, 2024 | ရှမ်းရှေ့

 ရေကြီးရေလျှံမှု အဆိုးရွားဆုံး ဖြစ်ပေါ်ခဲ့သည့် တာချီလိတ်မြို့ပေါ် ရပ်ကွက်နှင့်ကျေးရွာများအနက် ပုန်းထွန်ထိပ်မှာ လွယ်တော်ခမ်းသို့ သွားရာ လမ်းတလျှောက်ရှိ နေအိမ်များမှ ရေဘေးသင့်သူများကို သာသနာ့ဂုဏ်ရည်ဓမ္မာစရိယကျောင်းတိုက် အပါအဝင် လွယ်တော်ခမ်းကျောင်းတိုက်နှင့် အနီးရှိ ဘုန်းကြီးကျောင်းများက လက်ခံထားရှိသည့်အတွက် အလှူရှင်များ လိုအပ်နေလျက်ရှိကြောင်း သိရသည်။

တာချီလိတ်မြို့ လွယ်တော်ခမ်းပူးပေါင်းစစ်ဆေးရေးဂိတ်အနီးရှိ သာသနာ့ဂုဏ်ရည်ဓမ္မာစရိယကျောင်းတိုက်တွင် ရေဘေးသင့် ပြည်သူ(၅၀)ကျော်နှင့် သံဃာတော် (၂၀)နီးပါးရှိကြောင်း သိရသည်။

အလားတူ လွယ်တော်ခမ်းကျောင်းတိုက် နှင့် အနီးရှိ ကျောင်းတိုက်များတွင်လည်း ရေဘေးသင့်ပြည်သူများကို လက်ခံထားရှိသည့်အတွက် စေတနာရှင် အကူအညီများ လိုအပ်နေလျှက်ရှိကြောင်း သိရသည်။

အဆိုပါ နေရာများအတွက် အဓိက အားဖြင့် ဆန်နှင့် အစားအသောက်များ၊ သောက်ရေများ နှင့် အဝတ်အထည်များ လိုအပ်နေကြောင်း သိရသည်။

"လွယ်တော်ခမ်းသွားတဲ့ ချောင်းဘေးတလျှောက်က နေအိမ်တွေ အကုန် ဖုံးလွှမ်းခံရတာဆိုတော့ အကူအညီအတော်လေး လိုနေကြတယ်။ အဝတ်အထည်တွေရောပေါ့။ လက်ရှိမှာ သူတို့ကို သာသနာ့ဂုဏ်ရည်ဓမ္မာစရိယကျောင်းတိုက် အပါအဝင် အနီးအနားက ဘုန်းကြီးကျောင်းတွေက လက်ခံပေးထားကြတယ်။ အိမ်ကလည်း နေစရာမရှိသလောက်ဖြစ်သွားတော့ ဘယ်လောက်ကြာမလဲမသိဘူး"ဟု သွားရောက်လှူဒါန်းခဲ့သည် တစ်ဦးက Tachileik News Agency ကို ပြောပြသည်။

တာချီလိတ်မြို့တွင် ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၀)ရက်နေ့ကနေ စက်တင်ဘာလ(၁၂)ရက်နေ့အထိ အဆိုးရွားဆုံး ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ရာတွင် ပုန်းထွန်၊ လွယ်တော်ခမ်းနှင့် တာလော့တို့မှာ အဆိုးရွားဆုံး ဆုံးရှုံးမှုအများဆုံး ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ပုံအညွှန်း - သာသနာ့ဂုဏ်ရည်ဓမ္မာစရိယကျောင်းတိုက်၏ ဓါတ်ပုံများ ဖြစ်သည်။