ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ရေတိုက်စားမှုကြောင့် ပျက်စီးသွားသည့် ပွန်ချောင်းတံတားအား PNLA/PNL ပြန်လည်ပြုပြင်တည် ဆောက်နေ

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ရေတိုက်စားမှုကြောင့် ပျက်စီးသွားသည့် ပွန်ချောင်းတံတားအား PNLA/PNL ပြန်လည်ပြုပြင်တည် ဆောက်နေ
စက်တင်ဘာ 15, 2024 | ရှမ်းတောင်

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဆီဆိုင်မြို့နယ်နှင့် မောက်မယ်မြို့နယ်ကို ဆက်သွယ်ထားသည့် ပွန်ချောင်းတံတား ရေကြီးရေလျှံပြီး ရေတိုက်စားမှုကြောင့် ပျက်စီးသွားသည့်အတွက် ပြန်လည် ပြုပြင်တည်ဆောက်နေကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA/PNLO)က  ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၁၅) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မိုးသက်လေပြင်းကျရောက်ပြီး ပွန်ချောင်းရေ မြင့်တက်တိုက်စားခြင်းကြောင့် ဆီဆိုင်မြို့နယ်နှင့် မောက်မယ်မြို့နယ်ကို ဆက်သွယ်ထားသည့် ပွန်ချောင်းတံတားပျက်စီးသွားရာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ၏ ဗဟိုဒေသန္တရအုပ်ချုပ်ရေးဌာနမှ ဦးဆောင်ပြီး ပြန်လည်ပြုပြင်တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။

ပွန်ချောင်းအရှေ့ဘက်ခြမ်းနှင့် အနောက်ဘက်ခြမ်းနေ ဒေသခံပြည်သူများအတွက် အလွန်အရေးပါသည့် ယင်းတံတားပျက်စီးသွားခြင်းကြောင့် လက်ရှိတွင် ပြည်သူများ သွားလာရေး ကုန်စည်ကူးသန်းရေးအတွက် အခက်အခဲ ဖြစ်လျက်ရှိကြောင်း သိရသည်။

ယင်းတံတားကို ပြည်သူများ အမြန်ဆုံး ပြန်လည်သွားလာနိုင်ရန် PNLO နှင့် ‌ဒေသခံပြည်သူများ ပူးပေါင်း ပြန်လည်ပြုပြင်တည်ဆောက်လျက်ရှိပြီး ၊ ယင်းသို့ တည်ဆောက်ရာတွင် အကူအညီများစွာ လိုအပ်လျက်ရှိသဖြင့် တံတားအမြန်ပြီးမြောက်ရေး ပါဝင်လှူဒါန်းကြရန်လည်း PNLA က တိုက်တွန်း နှိုးဆော်ထားသည်။

#TachileikNewsAgency

Photo: PNLA သတင်းစဉ်