ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် မြေပြိုပြီး ကလေးငယ်အပါအဝင် လူ(၆)ဦးအထိ သေဆုံးခဲ့သည့် ဖြစ်စဉ်မှ အသက်ရှင် ကျန်ရစ်ကာ ဆေးကုသမှုခံယူနေရသည့် လူနာ(၇)ဦးကို မူလ ပုဂ္ဂလိကဆေးရုံကနေ အစိုးရဆေးရုံသို့ မဖြစ်မနေ ပြန်ပြောင်းလာခိုင်းပြီး ကောင်းမှုစွာ ကုသမပေးဘဲ ဒီအတိုင်းထားသည်ဟု သိရသည်။
"မြေပြိုတော့ သက်ဆိုင်ရာက ချက်ချင်းရှာဖွေ ကယ်ဆယ်တာတွေ မလုပ်ဘူး။ သူတို့ တွေ လာကြည့်ကြတယ်။ တစ်ဖွဲ့ပြီး တစ်ဖွဲ့ ဘာမှ မလုပ်ပေးဘဲ ပုံရိုက်ပြီး ပြန်သွားကြတယ်။ ဆေးရုံလည်း ကိုယ်နည်းကိုယ်ဟန်နဲ့ပဲ သွားကြရတာ။ အခုကိစ္စက အစိုးရနဲ့ဆိုင်တာမို့ လူနာတွေကို ထား ထားတဲ့ ပုဂ္ဂလိကဆေးရုံကနေပြီး ဆေးရုံကြီးဆီ ပြန်လွှဲပေးပါဆိုပြီး ပြောလို့ ဆေးရုံကြီးကို ပြန်ပြောင်းရတယ်။ ဆေးရုံကြီး ရောက်တော့လည်း ထူးထူးခြားခြား ဘာမှမလုပ်ပေးဘူး။ လူနာနဲ့ပတ်သက်ပြီး ဘာမှလည်း မပြောသလို ဘာမှလည်း အထူး တလည်ဂရုစိုက်တာမျိုးလည်း မရှိပါဘူး။ ထုံးစံအတိုင်း ပစ်ထားတာပဲ။ ဝန်ထမ်းအင်အားလဲ အတော်နည်းပြီးတော့ ဆေးရုံကြီးက ဆေးရုံပျက်ကြီးအတိုင်းဘဲ လူနာတွေအတွက် နေရထိုင်ရတာကအစ အနံ့အသက်ကလည်း အတော်လေးကို မကောင်းဘူး။ "ဟု အမည်မဖော်လိုသူ တစ်ဦးက Tachileik News Agency သို့ စက်တင်ဘာလ(၁၄)ရက်နေ့တွင် ပြောသည်။
အသက်ရှင်ကျန်ရစ်သည့် (၇)ဦးမှာ ကလေးငယ် (၃)ဦး နှင့် လူကြီး (၄)ဦးဖြစ်ရာ အသက်(၄)နှစ်ခွဲအရွယ် ကလေးငယ်မှာ ပေါင်ကျိုးသွားကြောင်း သိရသည်။
"လေးနှစ်ခွဲ ကလေးက ပေါင်ကျိုးပြီး သူ့အဖေဖြစ်သူက အခုထိ လှုပ်မရသေးဘူး။ ကလေးငယ်လေးက ပေါင်ကျိုးနေတာ နာလို့ အော်နေတာ။ ကျောက်ပတ်တီး စည်းပေးထားရတယ်။"ဟု ၎င်းက ဆက်လက်ပြောပြသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး တာဝန်အဓိအရှိဆုံးဖြစ်သည့် တာချီလိတ်ခရိုင် ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းနိုင်အား Tachileik News Agency မှ ဖုန်းဖြင့် ဆက်သွယ်ရန် ကြိုးစားသော်လည်း ဆက်သွယ်လို့မရပေ။
"ဒီလိုဖြစ်စဉ်တွေ အရင်ကလည်းရှိပါတယ်။ သာမန်ဖြစ်စဉ်မဟုတ်လို့ ဘယ်ဆေးရုံမှာ မသွားရဘူး အစိုးရဆေးရုံမှာပဲ ထားရမယ်။ ဘာညာဆိုပြီး ပြောလေ့ရှိတယ်။ ကျန်းမာရေးဝန်ထမ်းဖြစ်ပြီး လူသားတစ်ယောက်ရဲ့ အသက်ကို အလေးမထားဘူး။ သူတို့အတွက် အလုပ်မရှုပ်သဘောမျိုးထားတာ။ ပြီးတော့ သူတို့က လူနာကို ကောင်းကောင်း ဂရုစိုက်တာလည်းမဟုတ်ဘူး ပြစ်ထားတာများလို့ တချို့ အသည်းအသန်လူနာတွေ မသေသင့်ဘဲ သေခဲ့ရတာတွေရှိခဲ့တယ်။ တခါတုန်းကဆိုရင် လူနာက အက်စီးဒင့်ဖြစ်ပြီး ဆေးရုံရောက်လာတယ် ဆရာဝန်ကို စောင့်ရင်း သေသွားတယ်။ ဘာမှ မတတ်နိုက်လိုက်ဘူး။ ဆေးရုံအုပ်ဆိုတာကလည်း လူနာတွေရဲ့ လိုအပ်ချက်ကို နားစွံတာလည်းမဟုတ်ဘူး။ လူနာတွေအနေနဲ့ လွတ်လပ်စွာ ကုသပိုင်ခွင့်တော့ရှိရမယ် မဟုတ်လား"ဟု တာချီလိတ်ဆေးရုံနှင့်ပတ်သက်၍ အမည်မဖော်လိုသည့် ဆိုင်ကယ်ပွဲစားတစ်ဦးက ပြောသည်။
မြေပြိုသည့်နေရာမှာ တာချီလိတ်မြို့ပေါ် ပုန်းထွန်ရပ်ကွက်အတွင်း ကျောက်တောင်အပိုင်း ဝမ်မိုင်ရှိ ရာဘာခြံတောင်ကနေ နေအိမ်ပေါ် မြေပြိုလာမှုများကြောင့် ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၃)ရက်နေ့အထိ သေဆုံးသူ (၆)လောင်းကို ဖော်ထုတ်နိုင်ခဲ့ပြီး ဒဏ်ရာရရှိသူများမှာ ဆေးကုသမှု ခံယူနေရခြင်း ဖြစ်သည်။
သေဆုံးနေသူများမှာ အမျိုးသား (၄)ဦး နှင့် အမျိုးသမီး (၁)ဦး အပြင် (၃)နှစ်အရွယ် ကလေး(၁)ဦးတို့ ဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့တွင် ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၀)ရက်နေ့ကနေ စက်တင်ဘာလ(၁၂)ရက်နေ့အထိ အဆိုးရွားဆုံး ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ပြီး စက်တင်ဘာလ(၁၃)ရက်နေ့ကနေ ယနေ့စက်တင်ဘာလ(၁၄)ရက်နေ့ နံနက်ပိုင်းအချိန်အထိ ရေများမှာ ကျသွားပြီဖြစ်သော်လည်း အနိမ့်ပိုင်းရပ်ကွက်များတွင် တင်ကျန်ခဲ့သည့် ရွှံ့နွံများဖြင့် ရေများဝပ်၍ ဆက်လက် ကျန်ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။