တာချီလိတ်မြို့တွင် ရေကြီးရေလျှံမှုများကြောင့် လျှပ်စစ်မီးတိုင်များစွာ ပြိုလဲပျက်စီးမှုများဖြစ်ပေါ်သွားခြင်းကြောင့် လျှပ်စစ်မီး မရရှိသေးသည့် ရပ်ကွက်ကျေးရွာများကို လျှပ်စစ်မီး ပြန်လည်ရရှိနိုင်ရန် မြို့မီးလင်းရေးက လုပ်ဆောင်နေလျှက်ရှိရာ နောက်ထပ် အများဆုံး (၅)ရက်မှ (၇)ရက်အထိ ကြာနိုင်ဦးမည်ဖြစ်ကြောင်း သိရသည်။
ကျိုးကျ ပြိုလဲ ပျက်စီးသွားသည့် လျှပ်စစ်ဓါတ်မီးတိုင်များနေရာတွင် အဟောင်းကို နှုတ်ယူပြီး အသစ်စိုက်ထူခြင်းအပြင် လိုင်းကြိုးသစ်များ သွယ်တန်းခြင်း စသည့် အဆင့်ဆင့် ပြုပြုင်မှုများ လုပ်ဆောင်ရမည် ဖြစ်သည့်အတွက် လုပ်ငန်းပြီးစီးရန် ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၄)ရက်နေ့ကစပြီး (၇)ရက်ခန့် ကြာမြင့်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ လျှပ်စစ်မီး နောက်ထပ် အများဆုံး (၅)ရက်မှ (၇)ရက်အထိ ပြတ်တောက်နိုင်မည့် ရပ်ကွက်နှင့်ကျေးရွာများမှာ ရန်အောင်မြေရပ်ကွက် ( ပါလျှံ ၁၊ ၂၊ ၃ )၊ ဝိန်းကျောက်ရပ်ကွက်၊ ပါဆတ်ရပ်ကွက်၊ လွန်းကျိုင်း၊ဆေခမ်း(ဟောင်လိတ်)ရပ်ကွက်၊ စက်မှုဇုန်၊ လေယာဉ်ကွင်း၊ ဝမ်ဟောင်၊ ဝမ်လုံး၊ ဝှေလေလန်၊ ဆွတ်ဆိုင်၊ နမ့်လွတ်တို့ ဖြစ်ကြောင်း သိရသည်။
မြို့မီးလင်းရေးကော်မတီအနေဖြင့် လုပ်ငန်းဆောင်ရွက်ချိန်ကို အလွန်ဆုံး နောက်ထပ် (၇)ရက်အဖြစ် သတ်မှတ်ထားသော်လည်း အမြန်ဆုံးပြီးပါ စောလျင်စွာ လျှပ်စစ်မီး ပြန်လည် လွတ်ပေးသွားမည်ဖြစ်ကြောင်း အသိပေးထားရှိသည်။
တာချီလိတ်မြို့နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် လျှပ်စစ်မီးများကို ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၀)ရက်နေ့၏ မွန်းလွဲပိုင်းချိန်ကနေ စပြီး ဖြတ်တောက်ချိန်မှစပြီး နောက်ပိုင်းတွင် တာချီလိတ်တစ်မြို့လုံး ဒေသအချင်းချင်းအပြင် အဝေးရောက်မိသားစုများနှင့်ပါ အဆက်အသွယ်ပြတ်တောက်သွားသည်အထိ ဆက်သွယ်ရေးလိုင်းများပါ ပြတ်တောက်သွားခဲ့ရသည်။
တာချီလိတ်မြို့ပေါ် ရပ်ကွက်များတွင် ရေကြီးရေလျှံမှု အသိသာသည့် ရပ်ကွက်များတွင် မြို့မီးလင်းရေးက အပိုင်းလိုက် လျှပ်စစ်မီး ပြန်လည်လွတ်ပေးမှုများကို ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၂)ရက်နေ့ ညပိုင်းက စတင်ပြီး လွှတ်ပေးနေလျှက်ရှိရာ မြို့တွင်းရေကျသွားအခြေနေများကို မူတည်ပြီး ဆက်လက်၍ လွတ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့တွင် အဆိုးဝါးဆုံး ရေကြီးရေလျှံမှုကြောင့် လျှပ်စစ်မီးများ ဖြတ်တောက်ထားနေချိန်တွင် နေအိမ်အတွင်း ရေစုပ်ထုတ်ရန်နှင့် လျှပ်စစ်မီးအသုံးပြုရန်အတွက် မီးစက်ဝယ်ယူနေရသည်များရှိရာ မီးစက်များ ဈေးနှုန်းမြှင့်တင်ကာ ရောင်းချနေမှုများကြောင့် ဒေသခံများကလည်း လျှပ်စစ်မီး အမြန်ဆုံး ပြန်လည်ရရှိရေး မျှော်လင့်နေလျှက်ရှိကြောင်းသိရသည်။