ပအိုဝ်းဒေသအတွင်း မဲနယ်တောင်ပေါ်ကျေးရွာများတွင် ရေကြီးပြီး မြေပြိုမှုကြောင့် နေအိမ်(၁၃၀)ကျော် ပျက်စီးသည့်အပြင် လူအသေအပျောက် ရှိနေ

ပအိုဝ်းဒေသအတွင်း မဲနယ်တောင်ပေါ်ကျေးရွာများတွင် ရေကြီးပြီး မြေပြိုမှုကြောင့် နေအိမ်(၁၃၀)ကျော် ပျက်စီးသည့်အပြင် လူအသေအပျောက် ရှိနေ
စက်တင်ဘာ 14, 2024 | ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်အတွင်း မဲနယ်တောင်တန်းပေါ်ရှိ ကျေးရွာများ တောင်ကျချောင်းရေနှင့် မြေပြိုကျမှုကြောင့် လူနေအိမ်(၁၃၀)ကျော် ပျက်စီးသွားကာ လူသေဆုံးမှုရှိကြောင်း ဒေသခံများထံမှ သိရသည်။ 

၂၀၂၄ ခုနှစ် စက်တင်ဘာလ (၁၁)ရက်နေ့က စတင်ကာ မဲနယ်တောင်ဒေသ ရေကြီးရေလျှံခြင်းကြောင့် လုံးဟီး(စံဖူး)ရွာရှိ လူနေအိမ်အလုံး(၁၀)ကျော်နှင့် လူအချို့ ရေစီးနှင့်မျောပါသွားကြောင်း သိရသည်။

ဗန်းစောက်ရွာ တောင်ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ် (၁၀)လုံးကျော် နှင့် လူအချို့ မြေပိသေဆုံးမှုရှိကာ လုဲင်းကင်ရွာမှ လူနေအိမ်အလုံး (၁၀၀)ကျော်ရေ စီးထဲမျောပါသွားသည့်အပြင် လူပျောက်ဆုံးနေခြင်းရှိကြောင်း သိရသည်။ 

လုံးဟီး(ယုတ်ပေး)ရွာတွင် လူနေအိမ်(၁၆)လုံး ရေစီးထဲမျောပါသွားပြီး တံတားကြီးနှစ်စင်းလည်း ရေတိုက်စားကာ ပျက်စီးခြင်းရှိသည်ဟု သိရသည်။

စငေါရွာရှိ ရေချောင်းမှရေများ ထမ်းဆန်းဂူအတွင်းသို့  စီးဆင်းလာနေပြီး အလောင်း(၆)လောင်းကို တွေ့ ရှိထားသည်ဟု သိရသည်။ 

စငေါ၊ ဒုံကောင်နှင့် စအွန်ကျေးရွာများ ဘေးကင်းသော်လည်း အစားအသောက်ခက်ခဲမှုများ ကြုံတွေ့နေရကြောင်းနှင့် မဲနယ်တောင်ကြောရှိ ကျေးရွာများမှ ပျောက်ဆုံး၊ သေဆုံးစာရင်းများ ကောက်ယူနိုင်ခြင်းမရှိသေးကြောင်းလည်းသိရသည်။

#TachileikNewsAgency

Photo: နန်းဥမ္မာ