မြန်မာနိုင်ငံအတွင်း ရေဘေးသင့် ပြည်သူများကို  အချိန်နှင့်တစ်ပြေးညီ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးနေကြောင်း စစ်ကောင်စီက ဝါဒဖြန့် သတင်းထုတ်

မြန်မာနိုင်ငံအတွင်း ရေဘေးသင့် ပြည်သူများကို  အချိန်နှင့်တစ်ပြေးညီ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးနေကြောင်း စစ်ကောင်စီက ဝါဒဖြန့် သတင်းထုတ်
စက်တင်ဘာ 13, 2024 | အခြားဒေသများ

 အာဏာသိမ်းစစ်ကောင်စီက တိုင်းဒေသကြီးနှင့်ပြည်နယ်အချို့တွင် ရေကြီးရေလျှံမှုများနှင့်ပတ်သက်ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ အင်တိုက်အားတိုက် ဆောင်ရွက်ပြီး စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းသည်ဟု   စစ်ကောင်စီတပ်၏ Website က သတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံအတွင်း ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၀)ရက်နေ့ကနေ စက်တင်ဘာလ(၁၃)ရက်နေ့အထိ ရေကြီးရေလျှံမှုများ အဆိုးရွားဆုံးဖြစ်ပေါ်နေလျှက်ရှိရာ ရေထဲတွင် မျှောပါသေဆုံးသွားသည့် လူဦးရေ အများအပြားရှိနေသလို ရေထဲ မျောသွားသည့် လူနေအိမ်များစွာလည်းရှိနေသည့်အပြင် ကားနှင့်ဆိုင်ကယ် ပျက်စီးဆုံးရှုံးမှုများစွာလည်း ရှိနေသည်။

ရေကြီးရေလျှံမှု စတင်ဖြစ်ပွားသည့်အချိန်ကတည်းက ပြည်သူများမှာ ကိုယ့်အားကိုယ်ကိုးပြီး ရုန်းကန်ခဲ့ကြရသလို လူမှုကူညီရေးအသင်းအဖွဲ့များက လက်လှမ်းမီသလောက်သာ ကူညီပေးနိုင်ခဲ့ကြသည်ကို တွေ့ရသည်။

အလားတူ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် အဆိုးရွားဆုံး ရေကြီးရေလျှံမှု ဖြစ်ခဲ့သည့်ကာလအတွင်း ပိတ်မိနေသည့် ရေဘေးသင့် ပြည်သူများမှာ နာရီပေါင်း (၄၈)နာရီကျော်အကြာ အစာရေဆာပြတ်လပ်မှုများ ကြုံနေရသော်လည်း စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်ပါ အတိုင်း အချိန်နှင့်တစ်ပြေးညီ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးခြင်းမျိုး တာချီလိတ်ရေဘေးသင့် ပြည်သူများမရကြဘဲ ရှိနေသည်။



မြန်မာနိုင်ငံ တာချီလိတ်မြို့နှင့် အနီးဆုံးရှိ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် ထိုင်းတပ်မတော်က မြန်မာစစ်တပ်ကဲ့သို့ အပြောသီးသန့် မဟုတ်ဘဲ မယ်ဆိုင်မြို့တွင်း ရေဘေးသင့် ပြည်သူများကို ကူညီကယ်ဆယ်ရန်အတွက် လေတပ် နှင့် ရေတပ်တို့ကို စေလွှတ်ပြီး ကူညီပေးနေရာ ယနေ့ စက်တင်ဘာလ(၁၃)ရက်နေ့တွင်လည်း မယ်ဆိုင်မြို့နယ်တွင်း လေတပ်က ရဟတ်ယာဉ်ဖြင့် စားစရာများ ပေးဝေနေသည်ကို တာချီလိတ်မြို့ဘက်ကနေ တွေ့ရသည်။

 

မည်သို့ဖြစ်စေ စစ်ကောင်စီက ရေဘေးသင့်ပြည်သူများကို အချိန်နှင့်တစ်ပြေးညီ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးနေကြောင်း ဝါဒဖြင့် သတင်းထုတ်ပြန်ထားလေသည်။