နိုင်ငံအတွင်း အဆိုးဝါးဆုံး ရေဘေးသင့်နေ၍ အကူအညီများ လိုအပ်နေချိန် စစ်ကောင်စီတပ်က နမ့်ပေါင်ရွာကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်

နိုင်ငံအတွင်း အဆိုးဝါးဆုံး ရေဘေးသင့်နေ၍ အကူအညီများ လိုအပ်နေချိန် စစ်ကောင်စီတပ်က နမ့်ပေါင်ရွာကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်
စက်တင်ဘာ 13, 2024 | ရှမ်းမြောက်

နိုင်ငံအတွင်း အဆိုးဝါးဆုံး ရေဘေးသင့်နေ၍ အကူအညီများ လိုအပ်နေချိန်  စစ်ကောင်စီတပ်က နမ့်ပေါင်ရွာကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်

* * * * * 

ရှမ်းပြည်နယ် တောင်ပိုင်းနှင့် အရှေ့ပိုင်းအတွင်း လူသေဆုံးသည်အထိ အဆိုးရွားဆုံး ရေကြီးရေလျှံမှု နှင့် မြေပြိုမှုများဖြစ်ပွားပြီး ကူညီကယ်ဆယ်ရေးများ လိုအပ်နေချိန်တွင် အာဏာသိမ်း စစ်ကောင်စီက ရှမ်းမြောက်ရှိ လားရှိုးမြို့နယ်အတွင်း နမ့်ပေါင်ရွာကို ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၃)ရက်နေ့ ည(၇)နာရီအချိန်က လေယာဉ်ဖြင့် ဗုံးလာကြဲသွားကြောင်း သိရသည်။

"အသေးစိတ်တော့ မသိရသေးဘူး။ ဗုံးကြဲသွားတာ ဟုတ်တယ်။ အင်တာနက်လိုင်းတွေလည်း မရတော့ မသိရသေးတာ။ နမ့်ပေါင်ရွာက လားရှိုးနဲ့ မိုင် (၃၀)လောက်ဝေးတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို ယနေ့ စက်တင်ဘာလ(၁၃)ရက်နေ့ ည(၉)နာရီခွဲဝန်းကျင်အချိန်က ပြောသည်။ 

MNDAA က သိမ်းပိုက်ထားပြီး ပြန်လည်ထူထောင်ရေးလုပ်နေသည့် လားရှိုးဒေသကို စစ်ကောင်စီတပ်က မြန်မာပြည်အဝှမ်းရေဘေးသင့်နေသည့် အချိန်တွင် ကယ်ဆယ်ရေးမလုပ်ဘဲ ဗုံးလာကြဲချသွားခြင်းဖြစ် သည်။

မြန်မာတနိုင်ငံလုံး ရေကြီးနစ်မြုပ်နေ၍ လမ်းတံတားများ ပျက်စီးနေခြင်းကြောင့်   ပိတ်မိနေသည့် ရေဘေးသင့် ပြည်သူများကို လေကြောင်း မှ ကူညီကယ်ဆယ်ခြင်း မရှိသည့် စစ်ကောင်စီတပ်သည် ရေဘေးကယ်ဆယ်ရေးအဖွဲ့များကိုပင် ပိတ်ပင် ခြင်းများရှိပြီး ရေတိမ်သည့် နေရာများတွင်သာ ဟန်ပြကူညီပေးသည်ကို ၎င်းတို့ ဝါဒဖြန့်သတင်းများတွင် တွေ့ရသည်။

"အခုလို သဘာဝဘေး ဒုက္ခရောက်နေချိန်မှာ စစ်တပ်ရဲ့ အကူအညီကို မျှော်တာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ပြည်သူ့အာဏာကို သိမ်းထားတဲ့အတွက် စစ်တပ်အနေနဲ့ မဖြစ်မနေ လုပ်ကို လုပ်ပေးရမယ်ဆိုတဲ့ တာဝန် သူတို့မှာ ရှိတယ်လို့ ယူဆတယ်။ ပြည်သူ့အစိုးရတုန်းကဆိုရင်  အခုလို မငြိမ်နေဘူး"ဟု  ရှမ်းပြည်နယ်တောင်ပိုင်းအတွင်း ရေကြီးရေလျှံမှုကို ကြုံတွေ့နေရသည့် ကိုခွန်သန်းမောင်က ဆိုသည်။

မြန်မာနိုင်ငံ တာချီလိတ်မြို့နှင့် အနီးဆုံးရှိ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် ထိုင်းတပ်မတော်က မယ်ဆိုင်မြို့တွင်း ရေဘေးသင့် ပြည်သူများကို ကူညီကယ်ဆယ်ရန်အတွက် လေတပ် နှင့် ရေတပ်တို့ကို စေလွှတ်ပြီး ကူညီပေးနေရာ ယနေ့ စက်တင်ဘာလ(၁၃)ရက်နေ့တွင်လည်း မယ်ဆိုင်မြို့နယ်တွင်း လေတပ်က ရဟတ်ယာဉ်ဖြင့် စားစရာများ ပေးဝေနေသည်ကို တာချီလိတ်မြို့ဘက်ကနေ တွေ့ရသည်။

မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ထိုင်းတပ်မတော်က ရေဘေးသင့်ပြည်သူများကို ရဟတ်ယာဉ်အမျိုးမျိုး အသုံးပြုပြီး ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်နေသော်လည်း အာဏာသိမ်း စစ်ကောင်စီက မြန်မာနိုင်ငံအတွင်း ရေဘေးသင့်ပြည်သူများကို ရဟတ်ယာဉ်ဖြင့် ကယ်ဆယ်ရေးမလုပ်ဘဲ ၎င်းအာဏာတည်မြဲရေးအတွက် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများကိုသာ ယနေ့အချိန်ထိ လုပ်ဆောင်နေလျှက်ရှိသည်။