ညောင်ရွှေမြို့ အင်းတိမ်ရွာတွင် လူ ၂၀ ဦး ရေနစ်မြုပ်ကာ ပျောက်ဆုံးနေ

ညောင်ရွှေမြို့ အင်းတိမ်ရွာတွင် လူ ၂၀ ဦး ရေနစ်မြုပ်ကာ ပျောက်ဆုံးနေ
စက်တင်ဘာ 13, 2024 | ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့တွင် ရေဆက်တက်နေပြီး အင်းတိမ်ရွာတွင် ဒေသခံ(၂၀)ဦး ရေနစ်မြုပ်ကာ ပျောက်ဆုံးနေသည်ဟု ဒေသခံများထံမှ သိရသည်။ 

"မနေ့ကဖြစ်တာ အင်းတိမ်ရွာမှာ အင်းတိမ်ဆည်က ရေလှိုင်းရိုက်ချလို့ လူ(၂၀)လောက်ပျောက်နေပါတယ်။ အဲဒီအထဲ ပါသွားတဲ့တစ်ယောက်ရဲ့ သမီးကတော့ သူ့အမေပါသွားတယ်။ သတင်းမကြားရသေးဘူး​ပြောတယ်။"ဟု တောင်ကြီးမြို့တွင် ရေဘေးရှောင်နေသည့် ညောင်ရွှေမြို့ ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

ညောင်ရွှေမြို့တွင် ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ (၁၃)နေ့အထိ ရေတက်နေကာ မြို့လယ်(၂)ထပ်နေအိမ်များပင် ဒုတိယထပ်အထိ ရေတက်လာနေပြီး ဆက်သွယ်ရေးလိုင်းများလည်း ပြတ်တောက်နေသဖြင့် အဆိုပါဖြစ်စဥ်အား ထပ်မံအတည်ပြုနိုင်ခြင်း မရှိပါ။

"ဒီနေ့လည်း ရေမကျသေးပါဘူး။ ကယ်ဆယ်ရေးက မြို့ထဲမှာပဲ နည်းနည်းရှိပါတယ်။ အချင်းချင်းဝိုင်းကယ်နေကြရတာပါ။ အရှေ့ခြမ်းလွတ်သေးတယ်။ ရွာတွေဘက် အဆက်အသွယ်မရဘူး။"ဟု ၄င်းက ဆက်ပြောသည်။ 

လက်ရှိ ညောင်ရွှေမြို့လယ် ဝင်းရပ်၊ နန်းပန်ရပ်၊ ကံသာရပ်တို့နှင့် တချို့နေရာများမှာ ရေဆက်တက်နေသဖြင့် ဒေသခံများပြောင်းရွှေ့နေရသည်ဟု သိရသည်။

"အင်တာနက်ရော၊ ဖုန်းလိုင်းရောမရလို့ ကယ်ဖို့၊ ကူဖို့ အကူညီတောင်းလို့မရဘူးဖြစ်နေတယ်။ အင်းထဲက ရွာတွေလည်း အဆက်သွယ်မရလို့ အခြေအနေမသိရသေးဘူး။"ဟု အဆိုပါ ဒေသခံက ဆက်ပြောသည်။

မြို့တွင်း ရေတက်လာခြင်းကြောင့် စျေးထဲရှိဆိုင်ရှင်များ ပစ္စည်းသိမ်းနေစဥ်တွင်လည်း တချို့က ဝင်လုခြင်းနှင့် ပိတ်ထားသည့် တံခါးများကို ဆွဲဖွင့်ခြင်းများ လုပ်ဆောင်ခဲ့ကြသည်ဟု သိရသည်။

"ဆိုင်ခန်းတွေဆိုတော့ ရသလောက်ပဲသယ်နိုင်ကြတယ်။ အကုန်မသယ်နိုင်ကြဘူး။ အိမ်တွေလည်း ဒီလိုပဲ။ တချို့ဆို အဝတ်အစားနည်းနည်းနဲ့ ထွက်ပြေးကြရတယ်။"ဟု အဆိုပါ ဒေသခံက ဆက်ပြောသည်။

လက်ရှိတွင် မြို့အနောက်ဘက်ခြမ်းတွင် ရေကြီးရှေလျှံမှု အခြေအနေဆိုးပြီး နေအိမ်များလည်း နစ်မြုပ်နေကာ လျှပ်စစ်မီးကိုလည်း ညောင်ရွှေမြို့ပေါ်နှင့် အင်းလေး တို့တွင် ဖြတ်တောက်ထားသည်ဟု သိရသည်။

ညောင်ရွှေမြို့တွင် MPT ဖုန်းကဒ်တစ်ခုတည်းသာ လိုင်းရရှိတော့သော်လည်း မကြာခဏခေါ်ဆိုရသည့် အခြေအနေဖြစ်သည်ဟု သိရသည်။

#TachileikNewsAgency

Photo: CJ