ကရင်နီပြည်နယ် ပွန်ချောင်းရေတလျှောက် ရွာများနှင့် စစ်ရှောင်စခန်းများ ရေဘေးကြုံနေရ

ကရင်နီပြည်နယ် ပွန်ချောင်းရေတလျှောက် ရွာများနှင့် စစ်ရှောင်စခန်းများ ရေဘေးကြုံနေရ
စက်တင်ဘာ 13, 2024 | ကယား

ကရင်နီ (ကယား)ပြည်နယ်အတွင်း  ပွန်ချောင်းတစ်လျှောက်ရှိ ရှားတောနှင့် ဒီးမော့ဆိုမြို့နယ်များအတွင်းရှိ ကျေးရွာ (၃)ရွာနှင့် စစ်ရှောင်စခန်းများတွင် ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၁၁)ရက်နေ့ ညပိုင်းမှစ၍ ချောင်းရေ ရုတ်တရက်မြင့်တက်ကာ ရေဘေးကြုံနေကြရသည်။

ရှားတောမြို့နယ်တွင်းမှ ကျေးရွာ (၃)ရွာနှင့် ဒီးမော့ဆိုအရှေ့ဖက်ခြမ်းရှိ  စစ်ရှောင်စခန်းများတွင် နေအိမ်များ ရေနစ်မြုပ်သွားကြခြင်းဖြစ်သည်။

“ ရုတ်တရက် ရေကတတ်လာတာ။ တချို့ဆိုအိပ်နေတုန်းပဲ အိပ်ယာအောက်မှာ စိုလာတော့ထကြည့်မှ ရေတွေ တစ်ဖြည်းဖြည်း တက်ပြီး  မြုပ်လာတာကို သိတာပေါ့။ သက်ကြီးရွယ်အိုတွေ ၊ ကလေးတွေရော အကုန်ပဲ တောင်ကုန်းဖက်တွေကို အမြန်ပြေးရှောင်ရတယ်။ ကျွန်တော်တို့က စစ်ဘေးရှောင်စခန်းဆိုတော့ တဲအိမ်လေးတွေပေါ့။ အကုန်မြုပ်တာမဟုတ်ဘဲ ရေကြီးတာနဲ့ ရေစီးလည်းသန်တော့ အဲဒီရေစီးထဲ အကုန်မျောပါသွား ကုန်တယ်။ တစ်ချို့အိမ်တွေလောက်ပဲမြုပ်ပြီးကျန်တယ် ။ ဘာပစ္စည်းမှ မယူရဘူး။ အကုန်ရေထဲပါကုန်တယ်။ လူတွေတော့ အထိခိုက်မရှိကြဘူး ။ “ ဟု ပွန်ချောင်းအနီးရှိ စစ်ရှောင်စခန်းမှ ဦးရှားရယ်က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စက်တင်ဘာလ (၁၁)ရက်နေ့ ည (၈)နာရီကျော်အချိန်မှစ၍ ပွန်ချောင်းရေမြင့်တက်လာရာ ဒီးမော့ဆိုအရှေ့ဖက်ခြမ်းရှိ ပွန်ချောင်အနီးတွင် နေထိုင်ကြသော စစ်ဘေးရှောင်စခန်းများ စစ်ရှောင်များမှာ ညတွင်းချင်းအရေးပေါ် ဘေးလွတ်ရာသို့ တိမ်းရှောင်ကြရပြီး စစ်ရှောင်များ၏ တဲအိမ်ပေါင်းများစွာ ရေစီးထဲမျောပါသွားခဲ့သလို အချို့နေအိမ်များမှာ ရေနစ်မြုပ်သွားခြင်းဖြစ်သည်။

ဒီးမော့ဆိုအရှေ့ဖက်ခြမ်းရှိ ပွန်ချောင်းအနီးတွင် နေထိုင်သည့် စစ်ဘေးရှောင်စခန်း (၇)ခုထိရှိ၍ လူဦးရေးများပြားကာ ချောင်းဘေးတစ်လျှောက်ရှိ ရိတ်သိမ်းနေဆဲနှင့် ရိတ်သိမ်းပြီးသည့် နှမ်း ၊ မြေပဲများ နှင့် နေအိမ်များအတွင်းသိုလှောင်ထားသည့် စိုက်ပျိုးသီးနှမ်းများလည်း ရေစီထဲ မျောပါသွားခဲ့သည်။

 

ရှားတောမြို့နယ်ထဲရှိ ပွန်ချောင်းဘေးတစ်လျှောက်ရှိ ကျေးရွာများဖြစ်သည့် တနော်ကလု ၊ ပွန်ချောင်း နှင့် ဆူဖဲလောကျေးရွာ တို့တွင်လည်း စက်တင်ဘာလ (၁၁)ရက်နေ့ မှစ၍ ပွန်ချောင်းရေမြင့်တက်လာကာ စက်တင်ဘာလ (၁၂) ရက်နေ့တွင် နေအိမ်အများအပြား ရေနစ်မြုပ်နေပြီး ဒေသခံများမှာ ရေနစ်မြုပ်ခြင်းမရှိသေးသည့် အဆောက်အဦးအမြင့်နေရာများ နှင့် နီးစပ်ရာကျေးရွာများတွင် တိမ်းရှောင်နေရကြောင်းသိရသည်။ 

လက်ရှိ စက်တင်ဘာလ (၁၂) ရက်နေ့တွင် ပွန်ချောင်းရေးမြင့်တက်မှုမှ ပြန်ကျခြင်းမရှိသေးဘဲ ညနေပိုင်းအချိန်ထိ အနည်းငယ်သာ ပြန်ကျသည်ကို တွေ့ရသည်။

 ယခုကဲ့သို့ ပွန်ချောင်းရေ အဆမတန်မြင့်တက်လာခြင်းမျိုးကို ယခင်ကကြုံဖူးလေ့မရှိဘဲ ယခုအကြိမ်တွင် ပုံမှန်ထက် အဆမတန်မြင့်တတ်လာခြင်းဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။