ရမည်းသင်းတွင် ရေစီးနှင့်မျောပါလာသည့် အလောင်း ၇ လောင်း ထပ်မံတွေ့ရှိ

ရမည်းသင်းတွင် ရေစီးနှင့်မျောပါလာသည့် အလောင်း ၇ လောင်း ထပ်မံတွေ့ရှိ
စက်တင်ဘာ 12, 2024 | 2021 Military Coup| အခြားဒေသများ

မန္တလေးတိုင်း ရမည်းသင်းမြို့နယ် မြင်းနားကျေးရွာအနီးတွင် ယနေ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၁၂)ရက်နေ့ နံနက်ပိုင်းတွင် ရေစီးနှင့်အတူ မျောပါလာသော ရုပ်အလောင်း(၇)လောင်းကို တွေ့ရှိကြောင်း သိရသည်။ 

အဆိုပါရုပ်အလောင်းများမှာ မည်သူမည်ဝါဖြစ်ကြောင်း နှင့် မည်သည့်ဒေသကဖြစ်ကြောင်းကိုမူ မသိရသေးပါ။ 

လက်ရှိတွင် ရမည်းသင်းမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ ဆယ်ယူခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

ရမည်းသင်းမြို့နယ်တစ်ခုတည်းတွင် ရေကြီးရေလျှံမှုများကြောင့် ရပ်ကွက်နှင့်ကျေးရွာများမှ လူ(၁၀)ဦး သေဆုံးသွားပြီး လူဦးရေ ငါးသောင်းခွဲနီးပါ ရေဘေးသင့်ခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ယနေ့ စက်တင်ဘာလ (၁၂)ရက်နေ့ အစောပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။ 

ရမည်းသင်းမြို့နယ်တစ်ခုတည်းတွင် ရေကြီးရေလျှံမှုများကြောင့် ရပ်ကွက်နှင့် ကျေးရွာများမှ အမျိုးသား (၂၃,၉၉၅)ဦး နှင့် အမျိုးသမီး (၂၉,၉၇၇)ဦး စုစုပေါင်း (၅၃,၉၇၂)ဦး ရေဘေးသင့်ခဲ့ရာ အိမ်ထောင်စုအနေဖြင့် (၁၅,၁၁၃)စုရှိကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။ 

နံနက်အစောပိုင်းထုတ်ပြန်ချက်အရ ရမည်းသင်းမြို့နယ်အတွင်း ဆည်ကြီးကျေးရွာမှ အမျိုးသား (၁)ဦး၊ ညောင်အိုင်ကျေးရွာမှ အမျိုးသမီး(၁)ဦး၊ မြင်းနားကျေးရွာအုပ်စုအတွင်း ကံသာအေးကျေးရွာမှ အမျိုးသား(၂)ဦး နှင့် အမျိုးသမီး(၄)ဦး သေဆုံးသွားကြောင်း သိရသည်။ 

ယင်းအပြင် ရွှေနန်းပေါက်ကျေးရွာမှ အမျိုးသမီး (၁)ဦး၊ ဝါးဖြူတောင်ကျေးရွာအုပ်စုအတွင်း ချောင်းဖျားကျေးရွာမှ အမျိုးသား(၁)ဦး စုစုပေါင်း (၁၀)ဦး သေဆုံးခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo: Myanmar Fire Services Department