တာချီလိတ်မြို့၏ တစ်ဖက် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင်း ထိုင်တော်ဝင်တပ်မတော်၏ ရေတပ်မှ အရာရှိများ နှင့် ချင်းရိုင်းနှင့်မယ်ဆိုင် တာဝန်ရှိသူတို့ မယ်ဆိုင်မြို့တွင်း ရေဘေးကယ်ဆယ်ရေးအတွက် ဆွေးနွေး အဖြေရှာပြီး ကယ်ဆယ်ရေးများ လုပ်ဆောင်နေရာ စက်တင်ဘာလ(၁၁)ရက်နေ့ ညပိုင်းအထိ ရေဘေးသင့်ပြည်သူ (၃၉၇)ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။
ရေဘေးကယ်ဆယ်ရေးအတွက် လေတပ်နှင့်ရေတပ်မှ တပ်ဖွဲ့ဝင်များ မယ်ဆိုင်မြို့တွင်ရောက်ရှိပြီးနောက် ရေတပ်၏ အထူးစစ်ဆင်ရေးကွပ်ကဲမှုအဖွဲ့မှ အရာရှိများနှင့် ချင်းရိုင်းနှင့်မယ်ဆိုင် အုပ်ချုပ်ရေး တာဝန်ရှိသူများ အပါအဝင် လူမှုရေးအဖွဲ့အစည်းများ တွေ့ဆုံကာ ဆွေးနွေးပြီး ကယ်ဆယ်ရေးအတွက် လုပ်ဆောင်ကြခြင်း ဖြစ်ကြောင်း သိရသည်။
မယ်ဆိုင်မြို့တွင် တာချီလိတ်မြို့နီးပါး ရေဘေးသင့်နေသည့်အတွက် ထိုင်းစစ်တပ်၏ လေတပ်က ရဟတ်ယာဉ်ဖြင့် စားစရာများ ပေးဝေခြင်း နှင့် ရေတပ်မှ မြေပြင်ဆင်းကာ ကယ်ဆယ်ခြင်းများ လုပ်ဆောင်ကြောင်း သိရသည်။
တာချီလိတ်မြို့၏တဖက် မယ်ဆိုင်မြို့တွင် ပြည်သူများကို ရေတပ် နှင့် လေတပ်တို့က ကူညီလုပ်ဆောင်ပေးနေသော်လည်း တာချီလိတ်ဘက်တွင် ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၀)ရက်နေ့ကနေ ယနေ့ စက်တင်ဘာလ(၁၂)ရက်နေ့ နံနက်(၇)နာရီအထိ ပုန်းထွန်၊ တာလော့၊ မေဖလားဝါးကွင်း၊ တိုးနယားကွင်း၊ မယ်ခေါင် နှင့် ဖန်မင်ကျေးရွာအုပ်စုအတွင်း အပါအဝင် မယ်ဆိုင်ချောင်းအနီး လွယ်တော်ခမ်းတို့မှ ရေဘေးကြောင့် ပိတ်မိနေသူ ပြည်သူများမှာ အစာရေဆာပြတ်လပ်ပြီး မျှော်လင့်ချက်မဲ့နေသည်။
Photo: Chiangrai Public Relation Office