နှစ်ပေါင်း (၁,၅၀၀) နီးပါး သက်တမ်းရှိ ကမ္ဘာ့သက်တမ်းအရင့်ဆုံး ကုမ္ပဏီ

နှစ်ပေါင်း (၁,၅၀၀) နီးပါး သက်တမ်းရှိ ကမ္ဘာ့သက်တမ်းအရင့်ဆုံး ကုမ္ပဏီ
သြဂုတ် 27, 2024 | နိုင်ငံတကာသတင်း
By Mr John

 (၆) ရာစု နှစ်များတွင် စတင်တည်ထောင်ခဲ့သော ဂျပန်နိုင်ငံရှိ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုမှာ စဥ်ဆက်မပြတ် လုပ်ငန်းလည်ပတ် လုပ်ကိုင်လာသော ကမ္ဘာ့သက်တမ်းအရင့်ဆုံး ကုမ္ပဏီအဖြစ် သတ်မှတ်ခံရသည်။ 

ဂျပန်နိုင်ငံရှိ Kongo Gumi ဆောက်လုပ်ရေးကုမ္ပဏီကို ၅၇၈ ခုနှစ်တွင် တည်ထောင်ခဲ့ကြောင်း သိရသည်။

ထိုဆောက်လုပ်ရေးလုပ်ငန်း ကုမ္ပဏီကို ကိုရီးယားလူမျိုး လက်သမားတစ်ဦးက ဗုဒ္ဓဘာသာ ဘုရားကျောင်းများ ဆောက်လုပ်ရန် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး လုပ်ငန်းလည်ပတ် လုပ်ကိုင်လာခဲ့သည်မှာ ယခုအခါ နှစ်ပေါင်း (၁,၄၄၆) နှစ်ကြာ သက်တမ်းရှိပြီ ဖြစ်သည်။ 

Kongo Gumi ဆောက်လုပ်ရေးကုမ္ပဏီက အိုဆာကာမြို့ရှိ ဂျပန်နိုင်ငံ၏ ပထမဆုံး ဗုဒ္ဓဘာသာ ဘုရားကျောင်း Shitenno-ji ကို တည်ဆောက်ခဲ့သည်။

၅၉၃ ခုနှစ်တွင် Shitenno-ji တည်ဆောက်မှု ပြီးစီးခဲ့ပြီးနောက် Kongo Gumi က ဂျပန်နိုင်ငံတဝန်း ဗုဒ္ဓဘာသာ ဘုရားကျောင်း အဆောက်အအုံများနှင့် ဘုရားကျောင်းဆောင်များ တည်ဆောက်ရေးနှင့် ပြုပြင်မွမ်းမံရေးတွင် ထောင်စုနှစ်တစ်ခုနီးပါးကြာ အဓိက ပါဝင်လုပ်ကိုင်ခဲ့သည်။ 

၎င်း၏ နှစ်ပေါင်း (၁,၄၄၆) နှစ်ကြာ သက်တမ်းတစ်လျှောက် Kongo Gumi ကုမ္ပဏီကို မျိုးဆက် (၄၀) က ဆက်ခံ လုပ်ကိုင်လာခဲ့ကြောင်း သိရသည်။ 

Kongo မျိုးဆက်များမှာ ဂျပန်နိုင်ငံ၏ လက်သမားများကြား အလွန် လေးစားခံရဆဲဟု ဆိုသည်။

 

Source: OddityCentral