တာချီလိတ်တွင် မယ်ဆိုင်ချောင်းရေ စိုးရိမ်ရေမှတ်ကျော်လာ

တာချီလိတ်တွင် မယ်ဆိုင်ချောင်းရေ စိုးရိမ်ရေမှတ်ကျော်လာ
စက်တင်ဘာ 9, 2024 | 2021 Military Coup| ရှမ်းရှေ့

မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေသည် ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၉)ရက်နေ့ နေ့လယ် (၁၂)နာရီအချိန်တွင် စိုးရိမ်ရေမှတ်အထက်သို့ (၃)လက်မကျော်သွားပြီး နောက်တစ်ရက်အတွင်း တစ်ပေခွဲအထိ မြင့်တက်နိုင်သည်ဟု မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနက သတိပေးချက် ထုတ်ပြန်ထားသည်။

မယ်ဆိုင်ချောင်းရေသည် တာချီလိတ်မြို့ လွယ်တော်ခမ်းကျေးရွာအုပ်စုတွင် ယနေ့ နံနက် (၈)နာရီခွဲအချိန်က စိုးရိမ်ရေမှတ်အောက် (၂)ပေခန့်တွင်ရှိနေခဲ့ပြီး နေ့လယ် (၁၂)နာရီအချိန်တွင် စိုးရိမ်ရေမှတ်အထက် (၃)လက်မကျော်လာခြင်းဖြစ်သည်။

လက်ရှိတွင် တရုတ်နိုင်ငံ၌ တိုက်ခတ်နေသည့် YAGI မုန်တိုင်းအရှိန်ကြောင့် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် မိုးအလွန်များနေပြီး မယ်ဆိုင်ချောင်းရေ တိုးလာနေခြင်းဖြစ်သည်။

ထိုင်း-မြန်မာ နယ်စပ်ချောင်းဖြစ်သည့် မယ်ဆိုင်ချောင်းရေသည် မိုးရာသီတွင် တောင်ကျချောင်းရေကြောင့် နှစ်စဉ်ရေကြီးလေ့ရှိပြီး တာချီလိတ်မြို့ရှိ ချောင်းဘေး အနိမ့်ပိုင်းရပ်ကွက်များတွင် ရေကြီးရေလျှံမှုဖြစ်ပွားလေ့ရှိသည်။

#TachileikNewsAgency