တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံသား နှင့် မြန်မာနိုင်ငံသား ပေါင်းပြီး ဘိန်းစာရွက်ရည် ချက်လုပ် ရောင်းချနေ၍ ဖမ်းဆီး အရေးယူ
* * * * *
နယ်စပ်ဒေသ တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံသား နှင့် မြန်မာနိုင်ငံသား ပူးပေါင်းပြီး ဘိန်းစာရွက်အရည် ချက်လုပ် ရောင်းချနေ၍ သက်ဆိုင်ရာများက သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးလိုက်ကြောင်း သိရသည်။
တာချီလိတ်မြို့တွင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးအနီး မယ်ခေါင်ရပ်ကွက်အတွင်း (၂)လမ်းရှိ နေအိမ်တွင် ၂၀၂၄ခုနှစ် စက်တင်ဘာလ(၇)ရက်နေ့က ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ နေအိမ်တွင် ဘိန်းစာရွက် အရည်ပြုလုပ်ရာ၌ အသုံးပြုသည့် ဘိန်းစာရွက် အစို ကီလို (၂၀)၊ OTTO စာတမ်းပါ ကြိတ်ဖျော်စက် ၊ T.Boss စာတမ်းပါ ဒီဂျေ တယ်ချိန်စက် နှင့် အရည်သန့်စင်ပစ္စည်းများ အပါအဝင် ချောင်းဆိုးပျောက်ဆေးရည် ပုလင်းပေါင်း (၁၅၀)ပုလင်း၊ စတီးပေါင်းအိုး၊ ဂက်စ်အိုး၊ ဂက်စ်မီးဖို နှင့် (၁)လီတာဆံ့ ပလပ်စတစ်ရေဗူးခွံများကို တွေ့ရှိ သိမ်းဆည်းရမိကြောင်း သိရသည်။
ဘိန်းစာရွက် ချက်လုပ်ပြီး ထုတ်လုပ် ရောင်းချသည့် ထိုင်းနိုင်ငံသား Pisit Porntha Wonsuk (ခ) ဖိဆစ် အပါအဝင် မြန်မာနိုင်ငံသား စိုင်းဆွေအောင် နှင့် စိုင်းထွန်းလှတို့ (၃)ဦးတို့ကို သက်သေခံ ပစ္စည်းများနှင့်အတူ တခါတည်း ဖမ်းဆီးရမိ၍ တာချီလိတ်မြို့မရဲစခန်းတွင် ဖမ်းဆီးထားပြီး အမှုဖွင့်ထားကြောင်း သိရသည်။
"တာချီလိတ်မှာ ဘိန်းစာရွက်ရည်ထက် နေရာ ပိုယူထားတာက Happy တွေပဲဗျ။ တာချီလိတ်မှာ စိတ်နဲ့လူကို ပြောင်းလဲစေတဲ့ မူးယစ်ဆေးဝါးတွေကို အမှန်တကယ် နှိမ်နှင်းချင်တယ် ဆိုရင်တော့ တာချီလိတ်မြို့ပေါ်က အထင်ကရ ကလပ်တွေ နဲ့ KTV တွေမှာလည်း Happy တွေ အရည်အသွေးအလိုက် ဈေးနှုန်း အမျိုးမျိုး သတ်မှတ်ပြီး ရောင်းချနေကြတာတွေလည်း ရှိတာပဲ။ အဲ့ဒါတွေကိုတော့ တာချီလိတ်မူးယစ်ရဲတွေနဲ့ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ချမ်းမြေ့ဝင်းတို့ကပါ မသိယောင်ဆောင်တာလား ဒါမှမဟုတ် လစဉ်ကြေးတွေနဲ့ မှိန်းနေတာလားဆိုတာ ထောက်ပြစရာတွေ ဖြစ်တာပေါ့ဗျာ "ဟု ဒေသခံ ကိုဆန်းမင်း က ပြောသည်။
မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ဘိန်းစာပင်ကို တရားမဝင် မူးယစ်ဆေးဝါးစာရင်းထဲ ထည့်သွင်းထားရာကနေ ၂၀၂၁ခုနှစ် ဩဂုတ်လ(၂၄)ရက်နေ့က စပြီး တားမဝင် စာရင်းကနေ ထုတ်ပယ်ထားသည်။