ရွှေခေါင်းလောင်းဆရာတော် အမည်ခံ   စိုင်းအေး အား ဖမ်းဆီးထားပြီးနောက် ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်

ရွှေခေါင်းလောင်းဆရာတော် အမည်ခံ   စိုင်းအေး အား ဖမ်းဆီးထားပြီးနောက် ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်

 ရွှေခေါင်းလောင်းဆရာတော် အမည်ခံ စိုင်းယီဆောင် (ခ) စိုင်းအေးအား ဖမ်းဆီးထားပြီး (၃)ရက်အကြာတွင် ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်လိုက်ကြောင်း သိရသည်။

စိုင်းယီဆောင် (ခ) စိုင်းအေးအား လူမှုကွန်ရက်စာမျက်နှာများကနေ ဘာသာရေးဆိုင်ရာ သွေးထိုးလှုံ့ဆော်မှုများနှင့်အတူ  အကြည်ညိုပျက်စေမှုများကြောင့် ဖမ်းဆီးခြင်း ဖြစ်သည်ဟု သိရသည်။

"သူ့ကို ဖမ်းဆီးပြီး နောက်ရက်မှာ ပြန်လွတ်ပေးလိုက်တယ်ဆိုတာက လုံးဝ မဟုတ်ပါဘူး။ သူ့ကို တာချီလိတ်မြို့မရဲစခန်းမှာ ဖမ်းထားပြီး ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်ထားပါတယ်"ဟု သတင်းရင်းမြစ်တစ်ဦးက Tachileik News Agency သို့ ပြောသည်။

ကမ္ဘာဧဝံဂေလိ မိတ်သဟာအဖွဲ့ချုပ်၏ သင်းအုပ်ဆရာဖြစ်သလို ရွှေခေါင်းလောင်းဆရာတော် အမည်ခံ အသက်(၅၀)နှစ်အရွယ် စိုင်းယီဆောင် (ခ) စိုင်းအေးအား ၂၀၂၄ခုနှစ် စက်တင်ဘာလ(၂)ရက်နေ့က တာချီလိတ်မြို့ပေါ်  မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားထိပ် အဝိုင်းပတ် အနီးတွင် ကားပေါ်၌ပင် ဖမ်းမိခြင်း ဖြစ်ကြောင်း သိရသည်။

၎င်းအား ဖမ်းဆီးစစ်ဆေးပြီးနောက် တာချီလိတ်မြို့မရဲခစန်းတွင် (ပ)၁၂၉/၂၀၂၄၊ ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က ဖြင့် စက်တင်ဘာလ(၅)ရက်နေ့က အမှုဖွင့်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။