ဖယ်ခုံမြို့အခြေစိုက် စစ်ကောင်စီတပ်ထဲသို့ လေကြောင်းဖြင့် Airdrop များချ၍ ခဲယမ်း ၊ ရိက္ခာများပို့ဆောင်နေ 

ဖယ်ခုံမြို့အခြေစိုက် စစ်ကောင်စီတပ်ထဲသို့ လေကြောင်းဖြင့် Airdrop များချ၍ ခဲယမ်း ၊ ရိက္ခာများပို့ဆောင်နေ 
စက်တင်ဘာ 6, 2024 | 2021 Military Coup| ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့တွင် အခြေစိုက်ထားသည့် စစ်ကောင်စီ၏ တပ်ရင်းများထဲသို့ ၂၀၂၄ ခုနှစ် စက်တင်ဘာ (၅)ရက်နေ့တွင် လေယဉ်ဖြင့် Airdrop များချ၍ ခဲယမ်း ၊ ရိက္ခာများ ပို့ဆောင်ပေးနေကြောင်း သိရသည်။ 

စက်တင်ဘာလ (၅)ရက်နေ့ ညနေ (၆)နာရီခန့်တွင် ဖယ်ခုံမြို့အခြေစိုက် စစ်ကောင်စီ၏ တပ်များထဲသို့ လေယဉ်ဖြင့် အပေါ်မှ Airdrop များဖြင့် (၇)ကြိမ်ခန့် ပစ္စည်းများ လာချသွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ 

"ကျွန်တော်တို့က ဒီအရှေ့ဖက်ကနေ တွေ့နေရတာပေါ့ ။ လေယာဉ်နဲ့ ပက်ပျံပြီးတော့ အပေါ်ကနေ လေထီးနဲ့ အထုပ်တွေ တောက်လျှောက် လာချသွားပေးတယ် ။ သူတို့တပ်တွေထဲကိုပေါ့။ ခန့်မှန်းခြေအရဆို အမြှောက်တပ်ထဲဖက်ကို ချသွားတာများတယ်။ နည်းနည်းလဲမှောင်တော့ တချို့အထုပ်တွေမှာ မီးအလင်းရောင်လေးတွေလဲပါတာတွေ့ရတယ်" ဟု ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီ သို့ပြောသည်။ 

ပြီးခဲ့သည့် စက်တင်ဘာလ (၁) ရက်နေ့ကလည်း မိုးဗြဲမြို့ အခြေစိုက် (၄၂၂)တပ်ထဲသို့  စစ်ကောင်စီမှ လေယာဉ်ဖြင့် ပစ္စည်းများအား Airdrop ဖြင့်ချပေးခဲ့ပြီး လူအင်အား (၄၀)ခန့်လည်း လေထီးခုန်၍ ချပေးခဲ့သလို ဖယ်ခုံမြို့ အခြေစိုက်တပ်များသို့လည်း ထိုနေ့ ညနေပိုင်းတွင် လေယာဉ်ပေါ်မှ ပစ္စည်းများအား လေထီးဖြင့် ပစ်ချပေးခဲ့ကြောင်းသိရပါသည်။ 

ကရင်နီ-ရှမ်းတောင်နယ်စပ် မိုးဗြဲ နှင့် ဖယ်ခုံမြို့တို့တွင် အခြေစိုက်ထားသော စစ်ကောင်စီတပ်များမှာ ရိက္ခာနှင့် ခဲယမ်းများ ပို့ဆောင်နိုင်ရန်အတွက်အသုံးပြုရသော ကုန်းလမ်းကြောင်းများအား တော်လှန်ရေးတပ်ဖွဲ့များမှ ပိတ်ဆို့ထားခြင်းကြောင့် လေကြောင်းဖြင့်သာ ပို့ဆောင်နေရခြင်း ဖြစ်ကြောင်းသိရသည်။

#TachileikNewsAgency

Photo: CJ