လားရှိုးမြို့ရပ်ကွက်သုံးခုရှိ အကူအညီလိုအပ်နေသည့် မိသားစုများကို MNDAA မှ ဆန်နှင့်ဆီများ ပေးဝေ

လားရှိုးမြို့ရပ်ကွက်သုံးခုရှိ အကူအညီလိုအပ်နေသည့် မိသားစုများကို MNDAA မှ ဆန်နှင့်ဆီများ ပေးဝေ
စက်တင်ဘာ 1, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ ရပ်ကွက်သုံးခုရှိ အမှန်တကယ် အကူအညီလိုအပ်နေသည့် မိသားစု (၁၄၂)စုအား ဆန်နှင့် ဆီများ မျှဝေပြီး ရပ်ကွက် (၅) ဘုန်းကြီးကျောင်းရှိ သံဃာတော်များအား ဆွမ်းဆန်တော်များ ကပ်လှူကြောင်း MNDAA မှ ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၁) ရက်နေ့တွင် ထုတ်ပြန်သည်။

လားရှိုးမြို့ခံများ၏ အသက်မွေးဝမ်းကြောင်း ပြန်လည်ထူထောင်ရေးနှင့် ရပ်ကွက်အသီးသီးရှိ နေထိုင်သူများ၏ အခြေခံဘဝ အာမခံချက် ရရှိစေရန်အတွက် မကြာသေးမီက လားရှိုးမြို့ရှိ သက်ဆိုင်ရာ ရပ်ကွက်တာဝန်ခံအသီးသီးမှ ရပ်ကွက်များတွင် တစ်အိမ်တက်တစ်ဆင်း သွားရောက် ကြည့်ရှုသည့် လုပ်ငန်းစဉ်အတွင်း မိသားစုအချို့ထံ၌ အရေးပေါ်အကူအညီများ လိုအပ်နေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

လားရှိုးမြို့ ရပ်ကွက်တာဝန်ခံများ၏ တင်ပြချက်များအရ စစ်ရေး အုပ်ချုပ်မှုကော်မတီမှ ဩဂုတ်လ (၃၁) ရက်နေ့တွင် ရပ်ကွက် ၄၊ ၅၊ ၆ ရှိ အကူအညီ လိုအပ်နေသည့် မိသားစုများထံသို့ အစားအသောက်နှင့် အခြား ကယ်ဆယ်ရေးပစ္စည်းများ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ 

လက်ရှိတွင် အခြား အိမ်ထောင်စုများကိုလည်း စိစစ်နေဆဲဖြစ်ပြီး အခြေခံ စားဝတ်နေရေးအတွက် အမှန်တကယ် လိုအပ်နေသူများထံသို့ ရိက္ခာနှင့် ပစ္စည်းများ ဆက်လက်ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း MNDAA အုပ်ချုပ်မှုကော်မတီ လုပ်ငန်းအဖွဲ့ထံမှ သိရသည်။

#TachileikNewsAgency

Photo: 果敢资讯网